Sunday, December 11, 2011

အစိုးရသစ်က လူ့အခွင့်အရေးချိုးဖောက်မှုများကို အမွေဆက်ခံနေဆဲဖြစ်ကြောင်း HRDP ပြောကြား

ရိုးမ ၃

သမ္မတ ဦးသိန်းစိန် အစိုးရသစ် လက်ထက်တွင် လူ့အခွင့် အရေး ချိုးဖောက် မှုများ ယခင် အစိုးရ ဟောင်းနည်းတူ ဆက်လက် ကျူးလွန် နေလျှက် ရှိကြောင်း လူ့အခွင့် အရေး ကာကွယ်မြှင့် တင်သူများ ကွန်ယက် (HRDP) က ပြောသည်။

ဧရာဝတီ တိုင်းဒေ သကြီး၊ ဘိုကလေးမြို့ပေါ်တွင် HRDP အဖွဲ့မှ ယနေ့ ကျင်းပ ပြုလုပ်သည့် (၆၃) ကြိမ်မြောက် နိုင်ငံ တကာ လူ့အခွင့် အရေးနေ့ အထိမ်း အမှတ် အခမ်း အနား သဘာပတိ မိန့်ခွန်းတွင် ယခု ကဲ့သို့ ပြောကြား လိုက်ခြင်း ဖြစ်သည်။

“ယခုက ဒီမို ကရေစီ စနစ်လို့ ပြောနေတဲ့ အတွက် ဘယ်လို ပဲဖြစ်ဖြစ် ဒီမို ကရေစီစနစ်ဟာ လူ့အခွင့် အရေးကို လက်ခံ ရပါမယ်၊ လူ့အခွင့်အရေး ရှိသင့်တယ်၊ လူ့အခွင့် အရေးနဲ့ ပတ်သက် တာတွေ မရှိဘူး ဆိုရင် ဒီမို ကရေစီ အစိုးရ မဖြစ်နိုင် ဘူးလို့ ပြောချင် ပါတယ်” ဟု အခမ်းအနား သဘာပတိ အဖြစ် ဆောင်ရွက်သူ ဦးမောင်မောင်လေးက ပြောသည်။

အစိုးရသစ်တရပ်အနေဖြင့် ယခင်အစိုးလက်ထပ်ကတည်းက လူ့အခွင့်အရေးချိုးဖောက်မှုများကို ချက်ချင်း ရပ်တန့်ကာ နောက်ထပ် ချိုးဖောက်မှုများမဖြစ်ပေါ်စေရန် လူ့အခွင့်အရေးများကို အသိမှတ်ပြုရန်လိုအပ်ပြီး လူ့အခွင့်အရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များ ကိုလည်း ကာကွယ်ပေးရမည်ဖြစ်ကြောင်း ဦးမောင်မောင်လေးက သဘာပတိမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

“လယ်ယာမြေကိစ္စဆိုရင် နိုင်ငံနဲ့ အဝှမ်းမှာ နည်းမျိုးစုံနဲ့ လယ်ယာမြေတွေ သိမ်းပိုက်ခံနေရပါတယ်။ အလုပ်သမားတွေ နားရက်မရှိအောင် အလုပ်လုပ်နေရတာတွေ၊ ဆင်းရဲဒုက္ခတွေဟာလည်း အစိုးရဟောင်းလက်ထက်နဲ့ သိပ်မကွာသေးပါဘူး။ နယ်စပ်ဒေသတွေက တိုက်ပွဲ တွေကနေ ဒုက္ခသည် သောင်းနဲ့ချီမွေးထုတ်ပေးနေတာလည်း ငြင်းမရပါဘူး” ဟု ပြောသည်။

ထို့အပြင် အခြေခံလူတန်းစားများအတွက် ဥပဒေအကာအကွယ်သည် အရေးတကြီး လိုအပ်သည့်အပြင် တရားစီရင်ရေးကိစ္စမှာလည်း ဥပဒေရဲ့ ကာကွယ်ဖိနှိပ်မှုသည် စိုးရိမ်စရာကောင်းလှသည့် အခြေအနေတွင် ရှိနေသေးကြောင်း သူက ဆက်ပြောသည်။

HRDP အနေဖြင့် ထိုအခမ်းအနားမျိုးကို ၂၀၀၆ ခုနှစ်တွင်ကျရောက်သည့် (၅၈) ကြိမ်မြောက် နိုင်ငံတကာ လူ့အခွင့်အရေးနေ့မှ စတင် ကျင်းပလာခဲ့ရာ ယခုအခါ ဆဌမအကြိမ်မြောက် ကျင်းပခြင်းလည်း ဖြစ်သည်။ ခေါင်းဆောင် ဦးမြင့်အေးမှာ စစ်အစိုးရလက်ထက် ၂၀၀၈ ခုနှစ်မှ စ၍ ယနေ့အချိန်ထိ အကျဉ်းထောင်ထဲတွင် မတရားဖမ်းဆီးထားခြင်း ခံနေရသည်။

ယခုလက်ရှိ အစိုးရသစ်လက်ထက် လူ့အခွင့်အရေးချိုးဖောက်များနှင့်ပတ်သက်၍ ယုံကြည်ချက်ရှိသူ၊ လွတ်လပ်စွာ ဆွေးနွေးစည်းရုံးလှုပ်ရှားသူတွေကို ရာဇဝတ်ပုဒ်မများတပ်ကာ ထောင်ချထားမှု၊ ကလေးစစ်သားအသုံးပြုနေမှုများ၊ တိုင်းရင်းသားဒေသများတွင် ထိုးစစ်ဆင်နေခြင်းများသည် လူ့အခွင့်အရေးကို မလေးစားရာရောက်ကြောင်း HRDP ပြောရေးဆိုခွင့်ရှိသူ ကိုစောဗန်ကူးက ပြောသည်။

“၂၀၁၁ ခုနှစ်ထဲမှာ ကလေးစစ်သားအမှု ၄၂ မှုရှိခဲ့တယ်၊ အဲဒီထဲက ကလေးတချို့ပဲ ပြန်လွတ်လာသေးတ၊ လူထုတွေကြား လူ့အခွင့် အရေးဆိုင်ရာ အသိပညာတွေ ဆက်လက်ပြန့်ပွားဖို့၊ တည်ငြိမ်းအေးချမ်းတဲ့ ဒီမိုကရေစီနိုင်ငံ တည်ဆောက်နေတယ်ဆိုရင် လူ့အခွင့် အရေးဟာ ဒင်္ဂါတပြားရဲ့ ခေါင်း ဒါမှမဟုတ် ပန်းဖြစ်နေတဲ့အတွက် ခွဲလို့မရဘူး” ဟု သူက ဆက်ပြောသည်။

အဆိုပါ နိုင်ငံတကာ လူ့အခွင့်အရေးနေ့အခမ်းအနားကို ဘိုကလေးမြို့၊ အမှတ် (၄) ရပ်ကွက်၊ (၄) လမ်းတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အခမ်းအနားသို့ ပရိသတ်အဖြစ် မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေတိုင်းနှင့် ပဲခူးတိုင်းတို့မှ HRDP အဖွဲ့ဝင် ၂၀၀ ကျော်နှင့် လူ့အခွင့်အရေးစိတ်ဝင်စားသူ ဒေသခံပြည်သူ ၂၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားပြုလုပ်ခွင့်ကို ဒေသတာဝန်ရှိသူများနှင့် မြို့နယ်ညွှန်ကြားရေးမှူးရုံးအထိ အခမ်းအနားမပြုလုပ်ခင်က စာရေးသား တင်ပြခဲ့ သော်လည်း မြို့နယ်ရဲမှူးမှ နည်းဥပဒေနင့် ညွှန်ကြားချက်များ အထက်ကမကျသေးသည့်အတွက် အခမ်းအနားပြုလုပ်ရန် ငြင်းပယ်ခြင်း/ခွင့်ပြုခြင်းများ မလုပ်ဆောင်နိုင်ကြောင်း HRDP အဖွဲ့ဝင်များသို့ အကြောင်းပြန်ကြားခဲ့သည်။

ယနေ့ပြုလုပ်သည့် အခမ်းအနားကို အာဏာပိုင်များအနေဖြင့် တစုံတရာ နှောင့်ယှက်ဟန့်တားမှုများ မရှိခဲ့ကြောင်း သိရသည်။

No comments: