Thursday, February 23, 2012

မွန်ပြည်သစ် ငြိမ်းချမ်းရေး ထပ်မံဆွေးနွေးမည်

အဇံ၊ ကောင်းဝါသတင်းဌာန

ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် မွန်ပြည်သစ်ပါတီက မြန်မာအစိုးရနှင့် တတိယအကြိမ် မော်လမြိုင်မြို့တွင် နောက်ထပ်ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရန် သဘောတူလိုက်သည်။

“ဒီနေ့မနက် သူတို့ကို မေးကြည့်တော့ ၂၅ ရက်နေ့မှာ တွေ့ဖို့သဘောတူတယ်လို့ပြောပါတယ်” ဟု ငြိမ်းချမ်းရေး အကျိုးဆောင် မွန် ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်ဟောင်း နိုင်စိုးမြင့်က ပြောသည်။

ငြိမ်းရေးဆွေးနွေးရာတွင် မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဌ နိုင်ရော့စ ဦးဆောင်မည်ဖြစ်ပြီး မွန်ပြည်သစ် ကိုယ်စားလှယ်အဖွဲ့ ၁၅ ဦးလည်း တက် ရောက်မည်ဖြစ်သည်။

ရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် အစိုးရ ကိုယ်စားလှယ်များအဖွဲ့နှင့် နောက်ထပ် တွေ့ဆုံရာတွင် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်လဲ ပါဝင်တက်ရောက်မည့်ဖြစ်ကြောင်း သိရသည်။

“ရှေ့နေချုပ်ကို ခေါ်လာတာက ပိုပြီး ဥဒေသဘောင်ထဲဖြစ်မယ်လို့ ဦးအောင်မင်းက ပြောတယ်” ဟု နိုင်စိုးမြင့်က ပြောသည်။

ယခု တတိယအကြိမ်တွေ့ဆုံဆွေးနွေးမူတွင် မွန်ပြည်သစ်ဘက်က ငြိမ်းချမ်းရေး သဘောတူညီမှု စာချုပ်နိုင်ဖွယ်ရှိကြောင်း မွန် ငြိမ်းချမ်း ရေး အကျိုးဆောင်များက ယုံကြည်လျက်ရှိသည်။

“လက်မှတ်ထိုးဖို့က ၅၀ ရာခိုင်နူန်းအထက်မှာ ရှိနေတယ်လို့ ကျနော်ကတော့ မြင်တယ်”ဟု နိုင်စိုးမြင့်က ပြောပါသည်။

ငြိမ်းချမ်းရေးအကျိုးတော်ဆောင် တဦးဖြစ်သူ နိုင်တင်အောင်က“စာချုပ်ချုပ်ဖို့ကတော့ ပြီးခဲ့တဲ့ ကျနော်တို့ရဲ့ ဆွေးနွေးတင်ပြမူတွေ သူတို့ဘက်က ဘယ်လောက်အထိ လုပ်ပေးလဲ၊ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ရမယ်၊ အပြောကိုတော့ ကြည့်လို့ မရဘူး။”

မွန်ပြည်သစ်ပါတီ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ အပစ်အခတ် ရပ်စဲရေး အပါအဝင် အချက် ၅ ချက်ပါဝင်သည့် ပဏာမ သဘောတူချက်ကို ရရှိထားသည်။

ဖေဖော်ဝါရီလ ၁ ရက် ပြည်နယ်အဆင့် အစိုးရ ကိုယ်စားလှယ်များနှင့် ဆွေးနွေးစဉ် ငြိမ်းချမ်းရေး ဖော်ဆောင် ရန် အခြေခံမူ ၄ ချက် အ ပြင်၊ အထွေထွေ တင်ပြချက် ၁၀ ချက်၊ ဆက်ဆံရေးရုံး ၉ နေရာ၊ လက်ရှိတပ်စွဲ ထားသည့် နေရာ ၁၃ နေရာ၊ ဒေသတည်ငြိမ် အေးချမ်း ရေးနှင့် လုံခြုံရေးအတွက် ပါတီ၏ အခြားတပ်တည် နေရာ ၁၄ နေရာကို အစိုးရ ကိုယ်စားလှယ်များသို မွန်ပြည်သစ်က တင်ပြခဲ့သည်။

No comments: