Thursday, February 23, 2012

လူမျိုးရေးစော်ကားပြီး အရိုက်ခံရသည့် အရက်ဆိုင်ရှင် ချင်းလူမျိုးတဦး ဒါဏ်ရာ ပြင်းထန်စွာရရှိ

KHONUMTHUNG NEWS

ဖေဖေါ်ဝါရီ ၂၀ ရက်ညနေ မှောင်စပျိုးချိန်က ချင်းပြည်နယ် ရိဒ်မြို့နယ်ခွဲ တီအိုရွာနေ အရက်လိုင်စင်ရ ဦး ချွဲကီးအွမ်ကို အမှတ် (၂) ရဲ ကင်းမှူး ဒုရဲအုပ် ၀င်းတင့်နှင့် အဖွဲ့က ရဲစခန်းကို ခေါ်ယူ ရိုက်နှက်ကြောင်း ပြင်းထန်စွာနာကြင်မှုကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင် ထွဒ် က လူနာအား ဆေးရုံတင်လိုက်ကြောင်း သိရသည်။

အမှုဖြစ်ပုံမှာ ဒုရဲအုပ် ၀င်းတင့်အပါအ၀င် ဒုတပ်ကြပ် မင်းမင်းအောင် ၊ ဒုတပ်ကြပ် ၀င်းမြင့်ဦးနှင့် ရဲတပ်သား တဦး တို့က ဦး ချွဲကီးအောမ် ၏ အရက်ဖောက်သည် တဦးထံမှ အရက်များကို ဖမ်းဆီးပြီး ငွေတောင်းရာ အရက်ဖောက်သည်က ဦးချွဲကီး အွမ်ထံမှ လိုင်စင်ရ အရက် များ ဖြစ်သဖြင့် ငွေမပေးနိုင်ကြောင်း ခံပြောရာမှ ပြသာနာ စခြင်းဖြစ်ကြောင်း မျက်မြင်တဦးက ပြောသည်။

“ ဖောက်သည်က ငွေမပေးနိုင်ဘူး၊ အဲဒါ လိုင်စင်ရ အရက်ပါလို့ရှင်းပြတာကို ရဲတွေက လိုင်စင်ရ ဦးချွဲကီးအွမ်ကို ရဲစခန်းကို ခေါ်ယူပြီး ချင်းစုတ်၊ ချင်းလူလည်၊ မင်းဘာတတ်နိုင်သလဲ၊ ဆိုပြီး တုတ်နဲ့ ရိုက်၊ လက်သီးနဲ့ ထိုးနှက် ကန် ကျောက် တယ်၊ ပြီးတော့ ချောက်ပေါက် ထည့်တယ်” ဟု ပြောသည်။

ယင်းကိစ္စကို အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်ထွဒ်က ကြားသိသဖြင့် ယင်းညမှာပဲ လူနာအား ခေါ်ထုတ်ပြီး ဆေးရုံတင် လိုက်ကြောင်း လူနာ၏ ကျောပြင်တခုလုံးယောင်ကိုင်းပြီး မျက်နှာတခုလုံး ဖူးယောင်၊ နှုာခေါင်းသွေးတွေထွက်ကြောင်း၊ အနာကြောင့် ဆေးရုံမှာ တည လုံး အော်ညည်းနေ ကြောင်း သိရသည်။

ဒုရဲအုပ် ၀င်းတင့်နှင့် အဖွဲ့ကို လူနာ၏ မိသားစုတွေက သက်ဆိုင်ရာ ရိဒ်ခေါ်ဒါရ် မြို့နယ်ခွဲ ရဲစခန်းမှာ အမှုဖွင့်ထားကြောင်း ထပ်မံ သိရ သည်။

“ ရဲအရာရှိတွေက လူမျိုးတူ အချင်းချင်းဆိုတော့ အမှုက ပေါ့ အောင်ပြန်လုပ်ကြမှာပါဗျာ ” ဟု ဒေသခံတဦးက ပြောသည်။

အလားတူ ရိဒ်ခေါ်ဒါရ် မြို့သစ် အမှတ် (၁) ရဲစခန်းမှ တာဝန်ကျများသည် ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့က အမျိုးသမီး ငယ်တဦး ကျကျန် ခဲ့သော မိုဘိုင်းဖုန်းကို ကောက်ယူပြီး ကျပ်ငွေ တသောင်းဖြင့် ရွေးယူစေခဲ့ရာ အမျိုးသမီး ငယ်က ကျပ်ငွေ ၄ ထောင်ဖြင့် ရွေးယူခဲ့သည်ဟု လည်း သိရသည်။

No comments: