တနေ့မှာ ကျနော့် တပည့်ဟောင်း တယောက် အိမ်ရောက် လာတယ်။ မင်းဘာ လုပ်နေလဲလို့ မေးတော့ သူက ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်နေကြောင်း ပြောပါတယ်။ အရင်က ကိုယ့်ရပ် ကိုယ့်ရွာ လောက်သာ စိတ်ဝင် စားကြတဲ့ လူတွေဟာ ကမ္ဘာ့ ပတ်ဝန်း ကျင်ကို စိတ်ဝင်စား လာကြတယ်။ ကောင်းပါတယ်။ ခေတ်မီ တိုးတက်တဲ့ ကမ္ဘာ ကြီးမှာ တဖက်က အရမ်း ကာရော တိုးတက် နေတော့ ကျန်တဲ့ ဘက်ကလည်း အထိန်း အချုပ်တော့ လိုပါ တယ်။ခုခေတ်မှာ ပလတ် စတစ် အိတ်တွေ အကြီး အကျယ် ပြဿာနာ တက်နေတယ် ဆရာလို့ သူပြော ပါတယ်။ ဟုတ်တယ်လေ။ မြို့နေလူ ထု အများ စုဟာ ဒါကို တွေ့နေမြင် နေကြ ရတယ်။ ရေမြောင်းတွေ ပိတ်ဆို့တယ်။ ရေလျှံလို့ ရေစုပ် စက်တွေသုံး ရေစုပ် ထုတ်နေ ရတယ်။
ကျနော် တိုကျို ရောက်တုန်းက အဖြစ် အပျက်လေး တခုကို အမှတ် တရ ပြောပြ ချင်တယ်။ ကျနော် တို့ဟာ အမေရိကန် အဖွဲ့နဲ့ စားသောက် ဆိုင်မှာ သွားစား ဖြစ်တယ်။ အမေရိကန် အမျိုး သမီး တွေက သူတို့ ကိုယ်ပိုင် တူတွေ ယူလာ တယ်။ သူတို့ ရွံလို့ ဖြစ်မှာ ပေါ့လို့ သာမန်ပဲ တွေးမိခဲ့ တယ်။ ဒါပေမယ့် နောက်မှ သိလာ တယ်။ သူတို့ ရွံတာ မဟုတ် ဘူးတဲ့။ သူတို့က ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေတဲ့။
ဝါးတူ ဒါမှမဟုတ် တခါသုံးတူတွေဟာ ပတ်ဝန်းကျင်ကို ထိခိုက်စေတယ်လို့ သူတို့က ဆိုတယ်။ တခါသုံး ဝါးတူ သန်းပေါင်းများစွာကို ဂျပန် တနိုင်ငံတည်းမှာ နေ့စဉ် သုံးစွဲနေကြတယ်။ တရုတ်နိုင်ငံမှာလည်း ဒီလိုသုံးတာပဲ။ ယနေ့မှာ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ စင်ကာပူ စတဲ့ အာဆီယံ နိုင်ငံတွေမှာလည်း ဝါးတူတွေ သုံးတယ်။
ဒီတူတွေကို စွပ်ထားတဲ့ ပလတ်စတစ်တွေကလည်း ပြဿာနာတခုအဖြစ် တိုးလာတယ်။ ဝါးတူတွေကို တခါသုံးပြီး လွှင့်ပစ်တယ်။ ဒီအ တွက် ဝါးပင်တွေ ဘယ်လောက် သေကျေပျက်စီးမလဲ။ ဝါးတူလေးတွေကို သန့်ရှင်းစေဖို့ ရည်ရွယ်ချက်နဲ့ ပလတ်စတစ်အိတ် (ကျွတ်ကျွတ် အိတ်)လေးတွေ စွပ်ထားသေးတော့ မိအေးနှစ်ခါနာပဲပေါ့။ နောက် ကျနော်တို့ တိုကျိုမှာရှိတဲ့ ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေကို သွားကြတော့ အမေရိကန် ပတ်ဝန်းကျင်သမားတွေက သူတို့ဟာ အမွှေးတိုင်တွေနဲ့ မပူဇော်ကြဖို့ ပြောတယ်။
သူတို့ဟာ အမွှေးတိုင်ကို ဆန့်ကျင်သတဲ့။ အမွှေးတိုင်ဟာ ပတ်ဝန်းကျင်ကို ဖျက်ဆီးခြင်း ၄မျိုးကို ပြုလုပ်ပါသတဲ့။ ဖျက်ဆီးခြင်း ၄ မျိုးဆို တာကို သူတို့ ပြောပြတယ်။ ပထမကတော့ အမွှေးတိုင်လုပ်ဖို့ ဝါးတွေလိုတယ်။ ဝါးပင်တွေကို ခုတ်ရတယ်။ အမွှေးတိုင်က တုတ်တွေဟာ ဝါးချောင်းလေးတွေပဲ။ သိပ် ကြီးကြီးကျယ်ကျယ်မှ မဟုတ်တာ ဒါပေမယ့် တကမ္ဘာလုံး သုံးနေကြတယ်လေ။
တရုတ်ပြည် ဆိုရင် လူဦးရေ သန်း ၁ ထောင်ကျော်ရှိတယ်။ ဂျပန်၊ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံ အားလုံးဟာ အမွှေးတိုင်တွေ သုံးတယ်။ ဒုတိ ယကတော့ သစ်မှုန့်တွေပေါ့။ အမွှေးတိုင်မှာ သစ်သားမှုန့်တွေကို ကော်သုတ်နယ်ပြီး ဝါးမှာ ကပ်ထားတယ်။ သစ်သားတွေ အများကြီးသုံးရတယ်။ အရင်ခေတ်က သိပ်မဆိုးဘူး။ ခုခေတ်မှာ သစ်ပင်သေးသေးလေးတွေတောင် ခုတ်ကြတယ်။
နောက်ပိုင်းမှာ ပခုက္ကူနယ် ရေစကြိုဝန်းကျင်တွေမှာ ဆီးပင်တွေမကျန် ခုတ်ကြတယ်။ မန်ကျည်းပင်မကျန် ခုတ်တယ်။၂၀၁၁ မှာ ပခုက္ကူရေ ကြီးပြီး ရွှေချောင်းတံတား ကျိုးတာ ဒီနောက်ဆက်တွဲရလဒ် တခုပါပဲ။
တတိယကတော့ ရေမွှေးတွေ ဖျန်းတယ်။ ရေမွှေးကို Aerosol တွေ သုံးတော့ ဆိုးပါတယ်။ နောက် ဒီအမွှေးတိုင်တွေကို လူတွေက မီးရှို့တယ်။ အမွှေးနံ့သာနဲ့ ပူဇော်တာပါ။
ဒါပေမယ့် ဒီမီးလောင်တာဟာ ပတ်ဝန်းကျင်ကို မလိုအပ်ဘဲ ညစ်ညမ်းစေတာပါ။ နတ်ဒေဝတာများဟာ သူတို့နေတဲ့ဘုံဗိမ္မာန်တွေမှာ လေ ထု ညစ်ညမ်းတာကို အားမပေးသင့်ပါဘူးလို့ သူတို့က ဆက်ပြောကြတယ်။ ကောင်းကင်ကြီးဟာ ဘာလဲ။ အာကာသဟာ ဘာလဲ။ တို့တတွေ အညစ်အကြေးတွေကို စွန့်ထုတ်ရာ နေရာပဲလားတဲ့။ စဉ်းစားစရာပါပဲ။ ကျနော်က ဘာသာရေးကိစ္စကို သူတို့နဲ့ မဆွေးနွေးလိုပါ။ မိမိ မကြိုက်ရင် မိမိ မလုပ်နဲ့ပေါ့။
ဒါပေမယ့် သူတို့က ပညာပေးချင်ကြတယ်။ ချမ်းသာဖို့ ယတြာတွေလုပ်တယ်။ နတ်ဒေဝတာတွေကို အမွှေးတိုင်တွေနဲ့ ပူဇော်တယ်။ ဖယောင်းတိုင်တွေကို နေ့လယ် နေပူကျဲကျဲမှာ ထွန်းလို့ ပူဇော်တယ်။ ချမ်းသာလိုကြတယ်။ လေထုညစ်ညမ်းပြီး မကျန်းမာတဲ့ နေရာမှာ ချမ်းသာကြရင် အဆင်ပြေပါ့မလား။ စဉ်းစားကြည့်ရင် သဘောပေါက်ကြမှာပါ။
ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး စဉ်းစားရင် မျက်စိလည်စရာ ကောင်းတယ်။ကျနော်တို့ဟာ တချို့အချက်တွေကို ခုန်ပြီး စဉ်းစားလို့ မရဘူး။
ဝါးတူမသုံးဘဲ ပလတ်စတစ်တူသုံးတဲ့ကိစ္စ။ ချမ်းသာတဲ့သူတွေ ဆင်စွယ်တူတွေ သုံးကြတယ်။ ဒါဆိုရင် ဆင်တွေ ဘယ်လောက်သေကြ မလဲ။ လူတွေဟာ ရှေးကတည်းက တိရစ္ဆာန်အရေတွေ၊ အရိုးတွေကို အသုံးအဆောင်အနေနဲ့ သုံးခဲ့တာပဲ။
ဝါးရိုးတွေကို အထည်ချုပ်ရာမှာ သုံးတယ်။ မောင်ပေါက်ကျိုင်း နဂါးနိုင်မင်းအကြောင်းမှာ “ရာပေးလို့ ဆုတ်၊ ထောင်ပေးလို့ချုပ်၊ ချစ်တဲ့သူ အရိုး ဆံထိုးလုပ်” ဆိုတဲ့စကားဟာ အရိုးတွေအရေတွေကို သုံးတာ အထင်အရှား သိနိုင်တယ်။
သားရေတွေကို ဖိနပ်အတွက် သုံးတယ်။ သို့သော် တဖြည်းဖြည်းနဲ့ တိရစ္ဆာန်အရိုးတွေအရေတွေ ရှားလာတယ်။ ဒါကြောင့် ပလတ်စတစ် ပို လီမာတွေ အစားထိုးဝင်ရောက်လာတယ်။ ပလတ်စတစ်တွေဟာ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးမှာ အရေးပါတဲ့ ကဏ္ဍတခုအနေနဲ့ ပါခဲ့တာ မဟုတ်လား။
တကယ်လို့ ပိုလီမာတွေမရှိဘဲ ဖိနပ်တွေကို ချုပ်ရမယ်ဆိုရင် ဖိနပ်တွေ အတော်ဈေးကြီးမှာပဲ။ ကျနော်တို့ ငယ်ငယ်က ဖိနပ်တရန် ဝယ်စီးဖို့ အတော်စဉ်းစား ယူရတယ်။ အများစုက ဖိနပ်မစီးနိုင်ကြဘူး။ ဒီအတိုင်းပဲ အညာခရီးတွေမှာ ထန်းခေါက်ဖာကို တွင်တွင်ကျယ်ကျယ်သုံးခဲ့တာ ၁၉၆ဝခုနှစ်များ အထိပဲ။ ခုခေတ် လူငယ်တွေ ထန်းခေါက်ဖာကို မြင်တောင် မမြင်ဖူးတော့ဘူး။ ကျနော် ဆိုလိုတာက ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး ပလတ်စတစ်တွေ ထိလိုက်ရင် အမျှင်တွေ တသီတတန်းကြီး ထွက်လာတော့မှာ အသေအချာပဲ။
နိဂုံးချုပ်ပြောရရင်တော့ ကျနော်တို့ဟာ ပတ်ဝန်းကျင်ကို ပေယျာလကန် ဖြစ်ချင်ရာ ဖြစ်ဆိုပြီး ပစ်စလက်ခတ်ထားလို့ မရတာတော့ အသေ အချာပဲ။ ကျနော်တို့ ငယ်ငယ်က ပတ်ဝန်းကျင် ထိန်းသိမ်းမှုဟာ အိမ်သာနဲ့ ရေအိုင် အကြောင်းကိုသာ အဓိကထားကြတယ်။ အိမ်သာ က ယင်၊ရေအိုင်က ခြင်၊ဒီနှစ်ခုလုံးဟာ ကျနော်တို့ကို အများကြီး ဒုက္ခပေးခဲ့တယ်။ ခြင်နဲ့ယင်ကို ယနေ့တိုင် ကျနော်တို့ မနိုင်ကြသေးပါဘူး။
တခါတရံ ဝမ်းပျက်ဝမ်းလျှောတွေ ရှိနေသေးတယ်။ ခြင်ကြောင့် သွေးလွန်တုပ်ကွေးတွေ ဖြစ်နေသေးတယ်။ ဒါပေမဲ့ အတော်အသင့်တော့ ထိန်းထားနိုင်တယ်။ လူထုက ကူညီမှဖြစ်တဲ့ကိစ္စတွေပါ။ လူအလစ်မှာ မြောင်းဖုံးကိုလှန် ကျွတ်ကျွတ်အိတ်တွေနဲ့ အမှိုက်တွေ ပစ်နေတာ တားရခက်ပါတယ်။ ဒီမိုကရစီခေတ်မှာ ပတ်ဝန်းကျင်ကိစ္စ မိမိကိုယ်တိုင် တာဝန်ယူပါ။ ပညာပေးပါ။ ဆွေးနွေးပါ။
No comments:
Post a Comment