Saturday, January 26, 2013

အစိုးရတပ်မှ ဆန်ခါကျေးရွာ နေအိမ်များကိုဖျက်ဆီးကာ ငွေနှင့်ကျောက်စိမ်းတုံးများ လုယက်သွား


မြန်မာအစိုးရစစ်တပ်ဖွဲ့သည် ကချင်ပြည်နယ် ဖားကန့်မြို့ ဆန်ခါ (Sang Hka) ကျေးရွာရှိ ဒေသခံများ၏ နေအိမ်အသီးသီးကို အဓ္ဓမဖျက် ဆီး၍ အဖိုးတန်ပစ္စည်းများရှာဖွေမွှေနှောက်ကာ ငွေနှင့် ကျောက်စိမ်းတုံးများကို လုယူသွားခဲ့ကြောင်း ဒေသခံမျက်မြင်များပြောသည်။

အစိုးရတပ်ဖွဲ့ အင်အား ၄၀ ခန့်သည် ယမန်နေ့ နံနက်ပိုင်းမှ ညမိုးချုပ်သည်ထိ အဆိုပါရွာအတွင်းသို့ဝင်ရောက်လာကာ နေအိမ်တိုင်းတွင် မွှေ နှောက်ကာ ၄င်းတို့ကြိုက်ရာပစ္စည်းများကို ရိုက်ခွဲလုယူသွားခဲ့ခြင်းဖြစ်ကြောင်း ဖားကန့်ဒေသမှ ခရစ်ယာန်ဘာသာရေးဆရာတစ်ဦး KNG က ချင်သတင်းဌာန သို့ပြောသည်။

“အိမ်တောင် မရွေးတော့ဘူး။ တစ်အိမ်ပြီး တစ်အိမ်ရိုက်ဖွင့်ပြီး ယူကြတာ။ တချို့က သိန်း ၈၀ ပါ သွားတယ်တဲ့။ မိန်းမတစ်ယောက်က ငွေများ လွန်းတော့ဘယ်လောက်ပါသွားတာတောင်မသိဘူးတဲ့။ အိမ်တစ်အိမ်ကတော့ တရုတ်ဖက် သွားရင်ရောင်းစားမယ်ဆိုပြီးထားထားတဲ့ကျောက် စိမ်း အများကြီးတဲ့၊ အဲဒါလည်းအကုန်လုံးယူသွားတယ်တဲ့။ တချို့ဒုက္ခသည်စခန်းကို ရောက်နေတဲ့အိမ်တွေက ဘယ်လောက်ပါ သွားမှန်းမ သိဘူး။ သူတို့လည်း ပြန်လာ မကြည့်ရဲဘူးဖြစ်နေတယ်။ ဓါတ်ပုံရှိတာဟုတ်တယ်။ ဘယ်လိုပို့ပေးရမယ်မသိလို့။” ဟုပြောသည်။

အဆိုပါ ဆန်ခါကျေးရွာအနီးတွင် မြန်မာအစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကြား တိုက်ပွဲပြင်းထန်လာဖွယ်ရှိသော ကြောင့် ရွာသားအချို့သည် လုံးခင်း (Lawng Hkang) ဘက်သို့ထွက် ပြေးတိမ်းရှောင်နေပြီး အချို့ကျန်ရစ်ခဲ့သော ရွာသားများကိုမူ ဆန် ခါကျေးရွာရှိ အစိုးရတပ်က စခန်းတွင်ခေါ်သွင်းထားချိန် ၎င်းတို့နေအိမ်များ၌ ထိုသို့လုယက်သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများပြောသည်။

ဆန်ခါကျေးရွာတွင် အိမ်ထောင်စု ၁၀၀ ခန့်ရှိပြီး လူဦးရေ ၅၀၀၀ ကျော်ရှိကာ လုယက်သွားသော အစိုးရတပ်ဖွဲ့သည် အင်မောက်နယ်မြေ ခံ ခြေ မြန်တပ် ခမရ (၄၃၇) တပ်ရင်းမှ ဖြစ်ကြောင်းသိရသည်။

ဇန်နဝါရီလဆန်ပိုင်းမှ စတင်၍ ဖားကန့်ဘက်သို့ တိုက်ပွဲများဆက်လက်ပြင်းထန်လာသောကြောင့် ဒုက္ခသည်များနေအိမ်စွန့်ခွာထွက်ပြေး တိမ်း ရှောင်နေရခြင်းဖြစ်ပြီး ယခုချိန်တွင် ဖားကန့် တပ်ရင်း (၆) နယ်မြေ နမ်ဂျန် (Nam Jan)တွင် လည်း အစိုးရနှင့် ကချင်လွတ်လပ်ရေး တပ် မ တော် (KIA) တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံများပြောသည်။

အဆိုပါတိုက်ပွဲများကြောင့် ကျေးရွာ ၁၀ ကျော်မှ ဒုက္ခသည်များသည် ယခုချိန် လုံးခင်း၊ ဂင်စီ၊ ဆိုင်းတောင် နှစ်ခြင်းခရစ်ယာန်ကျောင်း၊ ကက် သလစ်ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ မော်ဆီဇာ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းတို့တွင် ထွက်ပြေးတိမ်းရှောင်လာပြီး စာရင်းအရ ဖားကန့်ရှိ ဒုက္ခသည်ပေါင်း ၂ သောင်းထက်မနည်းရှိနေပြီဟု ဒုက္ခသည်စောင့်ရှောက်ရေးကော်မတီ ဥက္ကဌ ဆလန်ကဘား ဒွဲပီဆာပြောသည်။

No comments: