Wednesday, January 30, 2013

ကချင်ထိုးစစ် အရှိန်ကျသွားသော်လည်း အစိုးရတပ်များ ပြန်မရုပ်သေး

သျှမ်းသံတော်ဆင့်

KIO ဋ္ဌာနချုပ် လိုင်ဇာမြို့အနီး KIA နှင့် အစိုးရတပ်တို့ အကြား ဖြစ်ပွားနေသော တိုက်ပွဲများ ယခုလ ၂၆ ရက်နေ့ နောက် ပိုင်း ငြိမ်သက်စပြု လာသော်လည်း လိုင်ဇာအနီးတစ်ဝိုက်ရှိ အစိုးရ တပ်များ ပြန်လည်ရုပ်သိမ်းခြင်း မရှိသေးကြောင်း သိရ သည် ။

ယမန်နှစ် ဒီဇင်ဘာလလယ်ပိုင်းမှစ၍ KIO ဋ္ဌာနချုပ်ရှိရာ လိုင်ဇာမြို့ အနီးရှိ စိုးမိုးကုန်းများအား အစိုးရတပ်မှ လေကြောင်း ပစ်ကူ အပါအဝင် အင်အား အလုံးအရင်းဖြင့် စတင် ထိုးစစ်ဆင်တိုက်ခိုက်ရာမှ နှစ်ဘက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည် ။

ယခုအခါ လိုင်ဇာဒေသ စိုးမိုးကုန်းအားလုံးနီးပါးကို အစိုးရတပ်မှ သိမ်းပိုက်ရရှိခဲ့ကာ နှစ်ဘက် တိုက်ပွဲအရှိန်ကျသွားသော်လည်း ထိုးစစ်ဆင် နေ သည့် အစိုးရတပ်များ ရုပ်သိမ်းခြင်း မရှိသေးသဖြင့် အခြေအနေ မှာ သောင်မတင်ရေမကျ ဖြစ်နေ ကြောင်း ကျောင်းသား တပ်မတော်မှ တပ်မှူးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“မနေ့ကတော့ လဝါးယန်ဘက်မှာ နာရီဝက်လောက်ပစ်ကြတယ်။ ဒီနေ့သူတို့ဘက်က လျှောက်ပစ်နေတာက လွဲလို့ တိုက်ပွဲ မရှိဘူး။ ဒါပေမဲ့ သူတို့တပ်တွေက မရုပ်သေးဘူး အ လုံးအရင်းနဲ့ရှိနေတုန်းပဲ အခြေအနေက ခန့်မှန်းရခက်တယ် ။” ဟု သူက ဆိုသည် ။

အစိုးရတပ်မှ သိမ်းပိုက်ရရှိသွားသော ၇၇၁ ပွိုင့်ကုန်း ၊ ဘွန်ရယ်ဘွန် ၊ ခါရာဘွန် ၊ အင်တဘွန် ၊ လဂျားယန် ၊ လဝါယန်နှင့် ဖွန်းပျဉ်ဘွန် တောင် ကြောများတွင် အခိုင်အမာ တပ်စွဲထားကြောင်း သူက ဆက်ပြော သည် ။

“စိုးမိုးကုန်းတွေမှာလည်း နေရာယူထားတယ် ။ နောက်တောင်ကြောတွေမှလည်းရှိနေတယ်။ အခုထိုးစစ်ဆင်တဲ့ တပ်အင်အား အတိုင်း ရှိနေ တုန်းပဲ” ဟု ဆိုသည် ။

လိုင်ဇာဒေသအား ထိုးစစ်ဆင်ရာတွင် အစိုးရဘက်မှ တပ်မ ၁၀၁ ၊ တပ်မ ၈၈ ၊ စကခ ၃ နှင့် စကခ ၂၁ စသည့် တပ်အများ အပြားပါဝင်ခဲ့ကာ ၄င်းတပ်များမရုပ်သေးကြောင်း တရုတ်နယ်စပ် စစ်ရေးနိုင်ငံရေးလေ့ လာသူ ဦးအောင်ကျော်ဇောကလည်း ပြောသည် ။

“တပ်မ ၉၉ က တပ်မဟာ (၃) ဧရိယာထဲမှာ ၊ တပ်မ ၃၃က ပူတာအိုဘက်မှာ ၊ နမခ ခေါင်းတစ်ခေါင်းက ဆွမ်ပရာဘွန် နားမှာ ၊ဖားကန့်ခွင်ထဲ မှာလည်း နမခတပ်တွေပါတယ် ။စကခ ရ တို့ စကခ ၂ တို့လည်းပါတယ် တပ်မတွေထဲက တိုက် ခိုက်ရေးကောင်းတဲ့တပ်တွေကိုဆွဲထုတ်ပြီး သုံးတာလည်း ရှိတယ် ။တပ်တွေကမဆုတ်သေးဘူး ထပ်တောင် တင်နေသေး တယ် ” ဟု သူက ဆိုသည် ။

နှစ်ဘက်တိုက်ပွဲများ ဖြစ်နေသည့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရတို့အကြား ဆွေးနွေးရေးကိစ္စ သောင်မ တင် ရေမကျဖြစ် နေ ချိန်တွင် သျှမ်းပြည် (မြောက်ပိုင်း) ပန်ဆန်း အခြေစိုက် UWSA (ခေါ်) ဝ အဖွဲ့က ၄င်းတို့ နယ်မြေ အတွင်း ဆွေးနွေးရန် KIO နှင့် အစိုးရတို့ကို လွန်ခဲ့သည့် တစ်ပတ်ခန့်က ဖိတ်ကြားခဲ့ကြောင်း သိရသည် ။

၎င်းမှာ အစိုးရ အနေဖြင့် UNFC ဖြင့်သာ ဆွေးနွေးရန် KIO က အစိုးရအပေါ် ပြောဆိုချက်ကို အစိုးရက တုန့်ပြန်ရန် နှောင့် နှေးနေချိန်တွင် ယ ခုဖိတ်ကြားချက် ပေါ်ထွက်လာခြင်းဖြစ်ပြီး အစိုးရဘက်က အလျှင် အ မြန်လက်ခံလိုက်ကြောင်း သိရသည် ။

No comments: