Wednesday, January 30, 2013

အစိုးရစစ်တပ် လိုင်ဇာသိမ်းပိုက်လျင် ဒုက္ခသည်များ တရုတ်ပြည်သို့ခိုလှုံမည်

kachinnews

ကချင်ပြည်နယ် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ် လိုင်ဇာ (Laiza) ဒေသရှိ ဒေသခံများနှင့် ဒုက္ခသည်များသည် မြန်မာအစိုးရစစ် တပ်မှ လိုင်ဇာသို့တိုက်ခိုက်သိမ်းပိုက်လာလျင် တရုတ်ပြည်သို့ ထွက်ပြေးခိုလှုံရန်ပြင်ဆင်နေကြသည်။

အစိုးရတပ်မှ လိုင်ဇာ (Laiza) ဌာနချုပ်နယ်မြေရှိ KIO ၏အရေးကြီးသော တပ်စခန်းများအားလုံးကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဆက်လက် ၍ လိုင်ဇာတွင်းသို့ဝင်ရောက်လာလျင် ဒုက္ခသည်လူထုများ ဆက် လက်၍ လုံခြုံရာသို့ခိုလှုံနိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း လိုင်ဇာ (Laiza) အုပ်ချုပ်ရေးမှူး ဒူကဘာ ကရဲန်နော်အောန် (Dukaba Kareng Naw Awn) KNG ကချင်သတင်းဌာနသို့ပြောသည်။

“စိုးရိမ်စရာမလိုတဲ့ အကြောင်းကို အုပ်ချုပ်ရေးအဖွဲ့ကနေပြီးမှ သူတို့ကို ပြောပြထားတယ်။ စဉ်စီထားတယ်။ ကြိုတင်ကာကွယ်ခိုင်းတယ်။ နောက်ဆုံး အစိုးရတပ်ကနေ မရ မနေဝင်လာပြီဆိုရင်တော့ ဘယ်လိုလုပ်မယ်ဆိုတာ အဆင့်တင့်လုပ်ထားတယ်။ ဒါကြောင့်မို တအားကြီး တော့ စိုးရိမ်တဲ့အဆင့်တော့ မရောက်သေးပါဘူး။” ဟု ပြောသည်။

သို့သော် လူထုသည် အစိုးရတပ်၏ထိုးစစ်ဆင်မှုကို လိုင်ဇာမြို့ (Laiza Muklum) တွင်းသို့ ဆက်လက်ဆင်နွဲလာမည်ကို စိုးရိမ်နေခြင်းဖြစ် ကြောင်း သိရသည်။

ဒုက္ခသည်များသည် လတ်တလောချိန် KIO ဗဟိုဌာနချုပ်နယ်မြေတွင်း ခိုလှုံနေခိုက် အခြေအနေများရုတ်တရက် ပြင်းထန်လာ၍ ခိုလှုံစရာနေ ရာမရှိ အသက်အန္တရယ်ရင်ဆိုင်ရမည်ကို စိုးရိမ်ကြောက်လန့်နေရ ကြောင်း ဒုက္ခသည်များကို စောင့်ရှောက်နေသော မိုင်ဂျာယန် (Mai Ja Yang) စခန်းမှ ကချင်ငြိမ်းချမ်းရေးကွန်ယက် (Kachin Peace Network) အဖွဲ့ဝင် ဒေါ်ခေါန်ဂျာ KNG ကချင်သတင်းဌာနသို့ပြောသည်။

“လုံခြုံရေးက ဘာမှမရှိတော့ဘူး။ သူတို့သတ်ချင်ရင်သတ်။ Camp စစ်ပြေးတွေကလဲ ဒီလိုဘဲနေနေတယ်။ ထွက်ပြေးဖို့နေရာလဲ မရှိတော့ဘူး လေ။ ကတုတ်ကျင်းတူးထား တာက လွှဲလို့ပေါ့ ဒါကဂိတ်ဆုံးဘဲလေ။ သူတို့ပစ်ရင်တော့ သေဖို့ဘဲရှိတော့တယ်။” ဟုပြောသည်။

ယခုချိန် ဒုက္ခသည်စခန်းတွင်လည်း ကလေးများ ဖျားနာမှုရှိနေပြီး ကလေးနို့စို့အရွယ်နှင့် နို့ဖြတ်ထားသည့် ကလေးငယ်များတွင် ၀မ်းရောဂါ လည်းအဖြစ်များနေချိန် လုံခြုံရေးအတွက် စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက် မှုဖြစ်စေကြောင်း ဒုက္ခသည်များပြောသည်။

တရုတ်အစိုးရသည် ကချင်ဒုက္ခသည်များအား လက်ရှိချိန်ထိ နယ်စပ်မှ ဖြတ်သန်းခွင့်မပြုသောကြောင့် တရုတ်ပြည်သို့ ဆက်လက်ထွက်ပြေး ခိုလှုံမည့်ကိစ္စကို ဒုက္ခသည်များ စိုးရိမ်မကင်းဖြစ်မိကြောင်း ဝေကြိုင် (Woi Chyai) ဒုက္ခသည်စခန်းက ကလေးမိခင်တစ်ဦးပြောသည်။

“စိုးရိမ်တာတော့ အရမ်းပဲစိုးရိမ်တယ်။ KIA က ကျမတို့အတွက်လုပ်နေတယ်လေ။ ဆုဘဲ တောင်းပြီးမှ နေနေတယ်။ ကိုယ့်တစ်ယောက်ဘဲ မ ဟုတ်ဘူးလေ။ ကလေးတွေနဲ့ဆိုတော့ တရုတ်ပြည်ဘက်ဆိုလဲ သူများနိုင်ငံဆိုတော့။ ဘယ်နေရာကိုမှ မထွက်ပြေးတတ်တော့ဘူး။ ဒီမှာဘဲ ဂိတ်ဆုံးပြီ ဆိုပြီးခံယူတယ်။ ဘယ်လောက် ခက်ခဲပေမယ့်လည်း ခက်ခဲသလိုပဲနေတယ်။” ဟု ပြောသည်။

အစိုးရတပ်များသည် ၂၀၁၂ ဒီဇင်ဘာလယ်ပိုင်းမှစ၍ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ်နယ်မြေ လိုင်ဇာသို့ စခန်းသိမ်းတိုက်ပွဲထိုးစစ် ဆင်ရာတွင် ကြည်း၊ ရေ၊ လေတပ်ဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး စခန်းအများစုကို တိုက်ခိုက်သိမ်းပိုက်ပြီးဖြစ်သည်။

အဆိုပါ ထိုးစစ်ဆင်နေချိန် သမ္မတဦးသိန်းစိန်မှ သတင်းစာရှင်းလင်းပွဲတွင် “လက်တကမ်းအကွာမှာ ရှိနေတဲ့ KIO/KIA ရဲ့ လိုင်ဇာဌာနချုပ်ကို အပြီးတိုင်ခြေမှုန်းသိမ်းယူခြင်း မပြု လုပ်ဖို့ အမိန့်ပေးထားပြီးဖြစ်သလို ရေရှည်တည်တန့်မှု ငြိမ်းချမ်းရေးလမ်းကြောင်းက သွေဖည်မသွားပဲနဲ့ စားပွဲပေါ်မှာ ဆွေးနွေးတဲ့နည်းလမ်းကို အခြေခံပြီး ဖြေရှင်းသွားမှာဖြစ်တယ်” ဟု သတင်း မီဒီယာများအား ပြောဆိုသွားခဲ့သည်။

ထို့ကြောင့် အစိုးရသမ္မတနှင့် အောက်ခြေတပ်များ၏ စစ်ရေးလှုပ်ရှားမှုများ မည်သို့ဖြစ်လာမည်ကို လိုင်ဇာ (Laiza) တွင် ခိုလှုံနေသူများက သတိနှင့်စောင့်ကြည့်နေချိန်လည်းဖြစ်ကြောင်း ဒုက္ခသည် ကယ်ဆယ် ရေး ကော်မတီ ဥက္ကဌဆလန်ကဘာ ဒွဲပီဆာ KNG ကချင်သတင်းဌာနသို့ ပြောသည်။

“ကျွန်တော်တို့က စစ်ရေးကိုအကဲခတ်နေကြတယ်။ သမ္မတသိန်းစိန်က လိုင်ဇာမ၀င်ဘူးလို့ပြောတယ်။ စစ်ရေးအရဆိုရင် သူတို့လိုချင်တဲ့နေ ရာတွေကိုရသွားပြီ။ သမ္မတ သိမ်းစိန်ပြောတဲ့စကားကို နားထောင်မယ် မထောင်ဘူး ဆိုတဲ့ဟာကိုပဲ အခုကျွန်တော်တို့ အကဲခတ်နေကြတယ်။ သူတို့ သမ္မတပြောတဲ့စကားကို နားမထောင်ပဲ စစ်တပ်ကလှုပ်ရှားလာရင်တော့ ကျွန်တော်တို့ ဒုက္ခသည်လူထုတွေကအခြေအနေပေါ်မူတည် ပြီး လွှတ်လမ်းကိုရှာသွားမယ်။ အချိန်တန်ရင် လိုအပ်သလိုလုပ်သွားမယ် အခုတော့ သတိချပ်ပြီးနေကြတယ်။”

ကချင်လွတ်လပ်ရေးအဖွဲ့ ဌာနချုပ်နယ်မြေ လိုင်ဇာမြို့ (Laiza Muklum) ရှိ ဒေသခံများသည် အစိုးရစစ်တပ်မှ KIA ၏ အရေးကြီးတပ်စခန်း တစ်ခုဖြစ်သော ခယာဘွမ်တောင်ကုန်း (Hka Ya Bum) စခန်းကို သိမ်းပိုက်လိုက်ပြီးနောက် နောက်ထပ် လူဦးရေ ၁ သောင်းကျော် စခန်းသို့ ထပ်မံ ခိုလှုံလာကြောင်း သိရသည်။

ယခုချိန် ဌာနချုပ်နယ်မြေ လိုင်ဇာဒုက္ခသည်စခန်းတွင် အခြေအနေကို စိုးရိမ်ကာ ဆက်လက်ခိုလှုံလာဆဲဖြစ်ပြီး စာရင်းအရ လိုင်ဇာတွင် ၂သောင်း ကျော်ခိုလှုံနေပြီး မိုင်ဂျာယန် (Mai Ja Yang) နယ်မြေတွင် ၁ သောင်းခန့် ခိုလှုံနေကြောင်း ဒုက္ခသည် ကော်မတီများမှသိရသည်။

တရုတ်အစိုးရသည် အရေးပေါ်အခြေတွင် ဒုက္ခသည်များခိုလှုံရန် နယ်စပ်တွင် ဒုက္ခသည်စခန်း အချို့ ဆောက်လုပ်ထားသည်ဟု သိရသော် လည်း လက်ရှိချိန်တွင်မူ ဒုက္ခသည်များကို နယ်စပ်သို့ ဖြတ်ကျော်ခွင့် ကို လုံခြုံရေးချ၍ တားမြစ်နေဆဲဖြစ်ကြောင်း ဒုက္ခသည်များပြောသည်။

No comments: