Monday, January 28, 2013

သတင်းလွတ်လပ်ခွင့်ကို အာမခံသည့် ဥပဒေ ဖြစ်ရေး မီဒီယာသမားများ တောင်းဆို

သာလွန်ဇောင်းထက်

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က ရေးဆွဲထားသော ပုံနှိပ်နှင့် သတင်းမီဒီယာ ဥပဒေမူကြမ်းကို ပထမဆုံးအကြိမ် အဖြစ် သ တင်း မီဒီယာ သမားများထံ ချပြဆွေးနွေးခဲ့ရာ သတင်းလွတ်လပ်ခွင့်ကို ကာကွယ်အာမခံသော ဥပဒေအဖြစ်ရေး အတွက် စာနယ်ဇင်းသ မား များ က တောင်းဆိုကြသည်။

သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းပေးထားသော မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က ယမန်နေ့တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ဘဏ်များ အသင်း အဆောက်အအုံ၌ ပုံနှိပ်နှင့် သတင်း မီဒီယာဥပဒေမူကြမ်းကို သတင်းမီဒီယာသမားများနှင့် စာနယ်ဇင်းသမားများထံ ဖြန့်ဝေပြီး အကြံ ဉာဏ်များ တောင်းခံခဲ့ရာ သတင်းသမားများက သတင်းလွတ်လပ်ခွင့်ကို အာမခံရေး၊ လွတ်လပ်စွာ သတင်းရယူခွင့်ရှိရေး နှင့်သတင်းသမား များ အပါအ၀င် နိုင်ငံသားများ၏ အခွင့်အရေးကို ပိတ်ပင်ထားသော ဥပဒေများ ဖျက်သိမ်းပေးရေး စသည်တို့ အပါအ၀င်ဒီမိုကရေစီနှင့် ထိုက် တန်သော သတင်းလွတ်လပ်ခွင့် ရရှိရေး၊ သတင်းသမား များနှင့် စာနယ်ဇင်းသမားများ လိုက်နာရမည့် ကျင့်ဝတ် များ တိကျစွာထားရှိ လိုက် နာရေးတို့ကို ဆွေးနွေးတင်ပြကြကြောင်း သိရှိရသည်။

ပုံနှိပ်နှင့် သတင်းမီဒီယာ ဥပဒေမူကြမ်းအပေါ် စာနယ်ဇင်းသမားများ၏ ဆွေးနွေးချက်များနှင့် တင်ပြချက်များကို မှတ်တမ်း တင်ထားပြီး ဥပ ဒေမူကြမ်းကို ပြန်လည် ပြင်ဆင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ၏ ပြန်ကြားရေး တာဝန်ခံ ဦးသီဟ စောက ပြောသည်။

“မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ကနေ ပုံနှိပ်နဲ့ သတင်းမီဒီယာဥပဒေမူကြမ်းကို ချပြတာ ထူးခြားချက်ပေါ့။ တက်လာတဲ့ သတင်း သ မားတွေနဲ့ စာနယ်ဇင်းသမားတွေ၊ ထုတ်ဝေသူတွေ အားလုံးက စိတ်ဝင်တစားနဲ့ ဒီဥပဒေကြမ်း အပေါ်မှာ ဆွေးနွေးကြတယ်။ ပြည့်စုံတဲ့ ဥပဒေ မဟုတ်သေးပေမယ့် အားလုံးရဲ့ ပါဝင်မှုနဲ့ ဆွေးနွေးကြတာက ထူးခြားတယ်။ ဒီဆွေးနွေးပွဲ က ရတဲ့ အချက်အလက်တွေအပေါ် မူတည်ပြီးတော့ ဒုတိယ ဥပဒေမူကြမ်းကို အချောသတ် ပြင်ဆင်ရေးဆွဲဖို့ ရှိပါတယ်” ဟု ဦးသီဟစောက ဆိုသည်။

ပုံနှိပ်နှင့် သတင်းမီဒီယာဥပဒေကြမ်းတွင် ပုဒ်မ ၃၆ ခုပါရှိပြီး သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်များ၊ ကျင့်ဝတ်နှင့်တာဝန်များ၊ သတင်း မီဒီ ယာ တည်ထောင်မှု၊ သတင်းမီဒီယာကောင်စီ ဖွဲ့စည်းခြင်းအပါအ၀င် အခန်း ၈ ခန်းပါဝင်သည်။

AP သတင်းဌာန၏ မြန်မာနိုင်ငံဆိုင်ရာ သတင်းထောက် ဒေါ်အေးအေးဝင်းကမူ မီဒီယာဥပဒေတွင် သတင်း လွတ်လပ်စွာ ရယူခွင့်ကို ပိတ် ပင် သူ များအား ထောင်ဒဏ်နှင့် ငွေဒဏ်ချမှတ်နိုင်သည့် ပြဋ္ဌာန်းချက်များ ပါဝင်သင့်ကြောင်း သုံးသပ်သည်။

“Press Law ဆိုတာက တကယ်တော့ Freedom of Press ကို ဆွဲတဲ့ ဥပဒေလို့ပဲ လုံးလုံးယူဆ တယ်။ သတင်းကို လွတ်လပ်စွာ ရေးသားခွင့်တို့၊ သတင်းကို လွတ်လပ်စွာမေးခွင့်၊ သတင်းကို လွတ်လပ်စွာရယူခွင့်က အရေးကြီးတယ်။ သတင်းလွတ်လပ်စွာ ရယူတဲ့နေရာမှာ သတင်းရယူ ခွင့်ကို ပိတ်ပင်တဲ့သူပါ အရေးယူနိုင်ခွင့်ကို ထည့်ပေးထားသင့်တယ်။ သတင်း လွတ် လပ်စွာ ရယူခွင့်ပိတ်ပင်သူကို အပြစ်ပေးပိုင် ခွင့်ဆိုတာက ကိုယ့်တိုင်းပြည်တင်မဟုတ်ဘူး၊ အင်ဒိုနီးရှားတို့ တချို့တိုင်းပြည်တွေမှာလည်း ကိုယ်ယူမယ့်သတင်းကို နှောင့်ယှက် ဟန့်တားတဲ့သူတွေကိုငွေ ဒဏ်တို့ ထောင်ဒဏ်တို့ ရှိကြတယ်။ Press Law ထဲမှာလည်း သတင်းရ ယူခွင့်ကို ပိတ်ပင်တဲ့သူကို အပြစ်ပေးပိုင်ခွင့် ဆိုတဲ့ ဝေါဟာရလေးတ ခု ထည့်ထား စေချင်တယ်။ နောက်တခုက သတင်းလွတ်လပ်ခွင့်ကို အနှောင့်အယှက် ဖြစ်နေတဲ့ ဥပဒေတွေ၊ ၀တ္တရား နှောင့်ယှက် မှုတို့၊ လျှို့ဝှက် အက်ဥပဒေတို့ အများကြီးရှိတယ်။ မီဒီယာလွတ်လပ်ခွင့်ကို အနှောင့်အယှက် ဖြစ်နေတဲ့ဟာတွေကို ထည့်သွင်း စဉ်းစား သင့်တယ်” ဟု ဒေါ် အေးအေးဝင်းက ဆိုသည်။

ပုံနှိပ်နှင့် မီဒီယာဥပဒေမူကြမ်းကို ပြင်ဆင်ရေးဆွဲပြီးပါက မည်သို့မည်ပုံ ဆက်လက်ဆောင်ရွက်မည်ကို မဆုံးဖြတ်နိုင်သေးကြောင်း၊စာနယ် ဇင်း သမားများ အနေဖြင့် လွှတ်တော်သို့ နောက်ဆုံးရောက်ရှိမည့် မီဒီယာဥပဒေကြမ်း အခြေအနေကို သိရှိရန် ကြိုးစားရမည်ဖြစ် ကြောင်း ပြည် သူ့ ခေတ်ဂျာနယ်၏ အတိုင်ပင်ခံ အယ်ဒီတာ ဦးဖေမြင့်က ဆိုသည်။


“နှစ်ပတ်လောက် အတွင်းမှာ အကြံပြုချက်တွေကို ပြည့်ပြည့်စုံစုံပေးဖို့ တောင်းထားတယ်။ အဲဒါ တွေကို ယူပြီးတော့ မူကြမ်းကို ပြင်မယ်။ ပြန် ပြင်ရေးပြီးရင်တော့ ဒီစာနယ်ဇင်းသမားတွေကို ဖိတ်ပြမယ်လို့ထင်တယ်။ ပြန်ပြီးတော့ အ ချော သတ်ပြီးတော့မှ ဘယ်ကိုပို့မလဲလို့ စဉ်းစားကြ မယ်။ ဒီဥပဒေကို ပြန်ကြားရေးက တင်သည်ဖြစ်စေ၊ တစုံတယောက် တင်သည်ဖြစ် စေ၊ အဖွဲ့အစည်း တခုခုကတင်သည်ဖြစ်စေလွှတ်တော် က ဆွေးနွေးဦးမှာပေါ့။

လွှတ်တော်က ဆွေးနွေးပြီးတော့ ဖြည့်စွက်တယ်၊ ပြင်ဆင်တယ်ဆိုတာကို လုပ်မှာပေါ့။ တကယ်ဆုံးဖြတ်တာက လွှတ်တော် ကိုယ်စား လှယ် တွေရဲ့ အဆုံးအဖြတ်ပဲ။ မီဒီယာသမားတွေ အနေနဲ့ လွှတ်တော်ကော်မတီတွေနဲ့ အဆက်အစပ်ရှိတာပဲ။ နောက်ဆုံး လွှတ်တော်ကို ရောက် သွားတဲ့ ဥပဒေကြမ်းက ဘယ်လိုရှိမလဲဆိုတာ သိအောင်လုပ်ရမယ်။ အဲဒီမှာမှ အများသဘောတူတဲ့ ကြိုက်နှစ်သက်တဲ့ဟာ မ ဟုတ်လို့ရှိရင် တော့၊ အများမနှစ်သက်တာတွေ ပါရင်တော့ ကြိုတင်ပြီးတော့ ပြောရမှာပေါ့”
ဟု ဦးဖေမြင့်က ဆိုသည်။

ပြန်ကြားရေးဝန်ကြီး ဌာနကမူ ပုံနှိပ်နှင့်မီဒီယာဥပဒေကြမ်းကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က ရေးဆွဲလျက်ရှိပြီး ဥပဒေ ပေါ် ပေါက်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) တို့ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကာ ယခု ၂၀၁၃ ခုနှစ်အတွင်း လွှတ်တော်သို့ တင်ပြနိုင်မည်ဟု မျှော်လင့်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ဧရာဝတီသတင်းဌာနနှင့် မကြာသေးမီက တွေ့ဆုံစဉ်ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်တွင် သတင်းဂျာနယ်များအားလုံး စာပေစိစစ်ရေးတင်ပြရန် မလိုအပ်ဘဲ ထုတ်ဝေခွင့်ပြုခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ဧပြီ လ ၁ ရက်နေ့မှစတင်ပြီး ပုဂ္ဂလိကနေ့စဉ်ထုတ်သတင်းစာများ ထုတ်ဝေခွင့်ပြုမည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက တရားဝင်သတင်း ထုတ်ပြန် ထားသည်။

No comments: