Wednesday, January 30, 2013

မိုင်ဂျာယန် ပါကထောင် ဒုက္ခသည်စခန်းတွင် ကလေး ၅၀ ကျော် ၀မ်းရောဂါဖြစ်ပွား

ကချင်သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ မိုင်ဂျာယန် (Mai Ja Yang) ရှိ ပါကထောင် (Pa Kahtawng) ဒုက္ခသည်စခန်းတွင် ၅ နှစ် အောက် ကလေး ၅၀ ကျော်တွင် ဝမ်းပျက်ရောဂါဖြစ်ပွားနေကြောင်း မိုင်ဂျာယန် (Mai Ja Yang) ကျန်းမာရေးဌာနမှ သိရသည်။

ကလေးငယ်များ ၀မ်းလျှောဝမ်းပျက်ရောဂါဖြစ်ပွားမှုသည် ယခုလ ဇန်နဝါရီလကုန်ပိုင်းမှ ပိုများလာခြင်းဖြစ်ပြီး ယခုချိန် နေ့စဉ် ဆေးခန်းသို့ ၄ ယောက်မှ ၁၀ ယောက်ဝန်းကျင် လာရောက်ဆေးကုသမှု ခံယူနေ ကြောင်း ပါကထောင် (Pa Kahtawng) ကျန်းမာရေးဌာနမှ ဆရာမဘောက် တောင် KNG ကချင်သတင်းဌာန သို့ပြောသည်။

“ဝမ်းသွားတာ ဝမ်းက အဝါရောင်တွေသွားနေတယ်။ အရမ်းနံတယ် ဝမ်းပုပ်တွေသွားနေတာ။ ဆေးခန်းမှာ အများဆုံးလာတာက ၂ နှစ်အောက် ကလေးတွေ များနေတယ်။ မနေ့ညကတော့ ၁၀ လသားကလေး တစ်ယောက်ဆုံးသွားတယ် ဒါမဲ့ သူကဝမ်းလျှောပြီး သေတာတော့မဟုတ် ဘူး။ ရင်ကြပ်အဖျားတက်ပြီးဆုံးသွားတာ။” ဟု ဆိုသည်။

အဆိုပါ ဝမ်းရောဂါဖြစ်ပွားမှုသည် လူဦးရေများသော ဒုက္ခသည်စခန်းအတွင်း ပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် တကိုယ်ရေသန့်ရှင်းမှုလိုအပ်သော ကြောင့်ဖြစ်သည်ဟု ကျန်းမာရေးဌာနမှ သုံးသပ်ပြောဆိုသည်။

“အခုအဓိက လိုနေတာက ကလေးဆေးတွေလိုနေတယ်။ နားစီး ချောင်းဆိုးဆေးတွေပေါ့။ တစ်ခါခါဆို ဆေးတွေပြတ်သွားတာတွေရှိတယ်။” ဟုဆိုသည်။

လိုင်ဇာဒုက္ခသည် ဒုက္ခသည်စခန်းတွင်လည်း ပြီးခဲ့သည့် အပတ်အတွင်း ကလေးငယ် အယောက် ၁၀၀ ကျော်တွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွား ခဲ့ပြီး ၇ ဦးထက်မနည်း သေဆုံးသွား ခဲ့ကြောင်း လိုင်ဇာကျန်းမာရေး ဌာနမှ သိရသည်။

အဆိုပါ ဝမ်းရောဂါဖြစ်ပွားမှုသည် ကချင်လွပ်လပ်ရေးတပ်မတော်နှင့် အစိုးရစစ်တပ်ကြား တိုက်ပွဲများ ဖြစ်ပွားချိန် လက်နက်များပေါက်ကွဲ မှုမှတဆင့် အငွေ့များကြောင့်လည်း အပါအ၀င် အချက် (၃) ချက်သုံး သပ်နိုင်သည်ဟု လိုင်ဇာမှ ကလေးအထူးကုဆရာဝန် ဒေါက်တာဆိုင်း မိုင်ပြောသည်။

“နံပါတ် (၁) အချက်ကတော့ စစ်ဒုက္ခကြောင့် စစ်ဖြစ်နေချိန်မှာ အစိုးရတွေနဲ့ KIO တွေ ပစ်ခတ်နေနဲ့အချိန်မှာ အစိုးရတပ်က သုံးနေတဲ့ တချို့လက်နက်တွေမှာပါတဲ့အငွေ့တွေ ဒီအငွေ့တွေကြောင့် ကလေးတွေက ခန္ဓာကိုယ် ခုခံအားတွေမရှိဘူး ဒီတော့ ဝမ်းလျှောဝမ်းပျက်တာ။ ခုခံအား ရှိတဲ့ လူကြီးအချို့တွေတောင်မှ ဖြစ်တတ်တယ်။ နံပါတ် (၂) က စစ်တိမ်းရှောင်နေတဲ့ ပြည်သူ လူထုက တော်တော်များတယ် နေရာတစ်နေရာ မှာဆို မိသားစု ၃၊ ၄ စုပေါင်းနေတာမျိုး ဒါဆိုရင် ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေကြောင့် ဝမ်းလျှောတယ်။ နံပါတ် (၃) က လူအများစုနဲ့နေတော့ တကိုယ်ရည်သန့်ရှင်းမှုနဲ့ သန့်ရှင်းမှုပိုင်းဆိုင်ရာမှာ လိုပြီးမှ ဝမ်းလျှောတယ်။” ဟု ပြောသည်။

ယခုချိန် လိုင်ဇာဒုက္ခသည်စခန်းတွင် ကလေးငယ်များ ၀မ်းရောဂါဖြစ်ပွားမှု ပြန်လျော့နည်းလာကြောင်း သိရသည်။

မိုင်ဂျာယန် ပါကထောင် (Pa Kahtawng) ဒုက္ခသည် စခန်းတွင် အင်္ဂလန်အခြေစိုက် Health Unlimited (HU)၊ Wunpawng Ning Htoi (WPN) အဖွဲ့အစည်းများမှဆေးဝါးများ ကူညီထောက်ပံ့ပေး နေကြောင်းသိရသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အုပ်ချုပ်နယ်မြေ မိုင်ဂျာယန်တွင် ဒုက္ခသည်စခန်း ၅ ခုရှိရာ လူဦးရေ ၁ သောင်းနီးပါးခိုလှုံနေပြီး အဆိုပါ က လေးငယ်များ ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားမှုသည် ပါကထောင် (Pa Kahtawng) ဒုက္ခသည်စခန်း ၂ခုတွင် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

No comments: