Thursday, January 31, 2013

လိုင်ဇာကို အစိုးရ ၀င်သိမ်းမည်ကို စိုးရိမ်နေချိန် သေနတ်သံများငြိမ်သက်နေ

ကချင်သတင်း

ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၏ အရေးကြီးသော လုံခြုံရေးတပ်စခန်းတခုဖြစ်သည့် ခရာဘွမ်တောင်ကုန်း (Hka Ya Bum) ကိုအစိုး ရတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် KIA ဌာနချုပ်လိုင်ဇာ (Laiza)ကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်မည်ကို စိုးရိမ်စွာဖြင့် အကဲ ခတ်စောင့်ကြည့်နေချိန် သေနတ်သံများ ငြိမ်နေကြောင်း သိရသည်။

အစိုးရစစ်တပ်မှ လိုင်ဇာမြို့ (Laiza Muklum) အား ၀င်ရောက်သိမ်းပိုက်မည်ကို ဒေသခံလူထုများ စိုးရိမ်ကြောက်လန့်နေသော်လည်း ၃ ရက် ခန့် ပြင်းထန်သော တိုက်ပွဲသံများမကြားရတော့ကြောင်း လိုင်ဇာဒေ သခံများပြောသည်။

သို့သော် အချို့ဒေသခံများသည် အစိုးရတပ်ဖွဲ့များ လိုင်ဇာဌာနချုပ်သို့ ပိုမိုနီးကပ်လာခြင်းကြောင့် အစိုးရတပ်နှင့် ကချင်လွတ်လပ် ရေးတပ် မတော် (KIA) တိုက်ပွဲပိုမိုပြင်းထန်လာမည်ကို အခြေအနေသုံးသပ် ပြော ဆိုနေကြ သည်။

“အခုတော့ ပိုနီးလာပြီဆိုတော့ ပိုတောင်မှ ပြင်းထန်လာမယ်လို့ထင်တယ်။ အခုအချိန်က နှစ်ဖက်စလုံး အရှိန်ယူနေတဲ့သဘောလို့မြင်တယ်။ သတိတော့ ထားနေရတာပေါ့။ ဒါပေမဲ့ အခုသေနတ်သံမကြားတော့ စိတ်ပျော်တယ်။ သေနတ်သံကြားနေရရင်တာ့ စိတ်မပျော်ဘူးလေနော်။” ဟု လိုင်ဇာဒေသခံတစ်ဦးပြောသည်။

လိုင်ဇာမြို့တွင်း သေနတ်သံမကြားရသော်လည်း ယခုချိန် အစိုးရတို့မှ သိမ်းပိုက်ထားသည့် ခယာဘွမ် (Hka Ya Bum) တောင်ခြေတွင် KIA တပ်ဖွဲ့များ ဆက်လက်နေရာယူထားသောကြောင့် အစိုးရတပ်ဖက်မှ တစ်နေ့လျှင် ၃ ကြိမ်ခန့် ခြိမ်းခြောက် ပစ်ခတ်မှုပြုလုပ်နေကြောင်း ရှေ့တန်းမှ KIA အရာရှိတစ်ဦးပြောသည်။

“သူတို့က ကုန်းပေါ်ကနေ ကျနော်တို့နေရာယူထားတဲ့ နေရာကို ရမ်းတန်းပစ်တာတော့ရှိတယ်။ အရင်ကလို ပစ်ခတ်တာတော့ မရှိတော့ဘူး။ သူတို့ပစ်လာရင် ကျနော်တို့ဖက်ကလည်း ပြောက်ကျားစနစ်နဲ့ ပြန်ပစ်တယ်။” ဟုပြောသည်။

အခြေအနေတည်ငြိမ်နေသယောင်ရှိသောကြောင့် ဒေသခံအချို့သည် တိုက်ပွဲပြင်းထန်လာသောကြောင့် ပိတ်ထားရသော ဆိုင်ခန်းများကို ပြန်ခင်းလာကြောင်း လိုင်ဇာရှိ ဈေးသည်တစ်ဦးပြောသည်။

“အစိုးရတွေလည်းတိတ် KIO လည်းတိတ်နေတယ်။ အစိုးရတွေလည်း သူတို့ကြိုက်တဲ့ တောင်တွေရပြီဆိုတော့ တိတ်နေတာထင်တယ်။ ဘာ အသံတောင်မကြားရတော့ဘူး ဆိုင်ကယ်အသံပဲ ကြားရတော့တယ်။ အခုတလော ဆိုင်ပိတ်ထားတဲ့ တချို့တွေလည်း ပြန်လာဖွင့်နေပြီ အရင်ကလိုတော့ မဟုတ်သေးဘူးလေနော် ၃- ၄ ဆိုင်ပဲပေါ့။”

ယခုချိန် အခြေနေတည်ငြိမ်နေသော်လည်း အစိုးရတပ်မှ ရုတ်တရက် လိုင်ဇာတွင်းသို့ဝင်ရောက်လာလျင် နောက်ထပ်ခိုလှုံစရာမရှိသောဒေသ ခံ ဒုက္ခသည်များအတွက် အသက်အန္တရယ်ရင်ဆိုင်ရမည်ကို စိုးရိမ်ပူ ပန်နေကြသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာ၏ ခြေကုတ်စခန်းများဖြစ်သော ဘွမ်ရေဘွမ် (Bum Re Bum)၊ ဖွန်ပျဲန်ဘွမ်(Hpun Pyen Bum)၊ အင်သပ်ဘွမ် (N-tap Bum) နှင့် ခယာဘွမ် (Hka Ya Bum) တပ်စခန်းများကို အစိုးရစစ်တပ်မှလက်နက်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက် သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း KIO ပြောသည်။

အစိုးရ ပြည်ထောင်စုသမ္မတမြန်မာနိုင်တော်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဇန်န၀ါရီ ၂၅ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ချိန်တွင်ကချင်ပြည် နယ်တွင်ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်ရန်အတွက် KIO/KIA အပါအ၀င် တိုင်းရင်းသား ပြည် သူ အားလုံးနှင့် လက်တွဲဆောင်ရွက်သွားရန်အသင့်ရှိကြောင်း အချက် (၂၀) ချက်ဖြင့် သတင်းထုတ်ပြန်သည်။

ကချင်လွတ်လပ်ရေးအဖွဲ့ဖက်ကမူ အစိုးရစစ်တပ်၏ ကြည်းတပ်၊ လေတပ်၊ အမြောက်တပ်များဖြင့် ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်တိုက်ခိုက် နေ ကာ စစ်ရေးအရ ဖိအားပေးမှုအခြေအနေအောက်တွင် သီးခြားတွေ့ဆုံဆွေးနွေးမှုမပြုလုပ်ပဲ ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ ဆုံးဖြတ်ချက်အတိုင်း အစိုးရပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ဆွေးနွေးသွားလျင် အ စိုး ရ၏ ဆွေးနွေးမှုကမ်းလှမ်းချက်အား ဇန်န၀ါရီ ၂၁ ရက်နေ့က သဘောထားတုံ့ပြန်ထားသည်။

No comments: