Thursday, January 31, 2013

မရမ်းကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ မိခင်နှင့်ကလေး သေ

ကချင်သတင်း

ကချင်ပြည် လွတ်လပ်ရေးတပ်မတော် (KIA)နှင့် အစိုးရတပ်များ စစ်ရေး တင်းမာနေချိန် ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မရမ်း (Mayan) ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲသဖြင့် ဒေသခံ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိသွားခဲ့သည်။

ယမန်နေ့ည ၇ နာရီကျော်ခန့်က မည်သည့်တပ်ဖွဲ့မှ ပစ်လိုက်သည် မသိသော လက်နက်ကြီးသည် မရမ်း (Mayan) ကျေးရွာ ရပ်ကွက် (၆) ရှိ ဂျန်မော် (Jangmaw) မိသားစု နေအိမ်တွင်းသို့ ကျရောက်ပေါက် ကွဲကာ မိခင်နှင့်သား ပွဲချင်းပြီးသေဆုံးခဲ့ပြီး မိသားစုဝင် ၃ ဦးဒဏ်ရာရ သွား ခဲ့ကြောင်း မရမ်း ဒေသခံတစ်ဦးက KNG ကချင်သတင်းဌာနသို့ ပြောသည်။

“သေသွားတဲ့ မိခင်က နှခေါင်းကနေ ကျည်ဆံဝင်ပြီး ခေါင်းအနောက်ကနေ ပွင့်ထွက်သွားတာ။ ကလေးက ခေါင်မှာထိပြီး ဦးနောက်တွေပါ ထွက်ပြီး သူတို့နှစ်ယောက်က ချက် ချင်းသေသွားတယ်။ ဒဏ်ရာရတဲ့ အဖိုးကတော့ ညာဖက်ခြေထောက်နဲ့ဖင်မှာသေနတ်ထိတယ်။သေသွား တဲ့သူရဲ့ အမျိုးသားက ညာဖက်ခြေထောက်နဲ့ လက်ညှိးနဲ့ ၂ ချောင်းလား ပျက်သွားတာဟုတ်တယ်။ ပြီးတော့ နောက်ကြောတွေမှာ ကျည်ဆံ တွေ ထိသွားတယ်။ အငယ်ဆုံးကလေးက ဘယ်ဖက်ခြေထောက်မှာထိတယ်။” ဟု မျက်မြင်ဒေသခံတစ်ဦးက ပြောဆိုသည်။

အဆိုပါသေဆုံးသူများသည် မိခင်ဖြစ်သူ ဒေါ်လဘရမ် နန်ဘူ (အသက် ၂၇ နှစ်) နှင့် သားဖြစ်သူ မောင်ဂျန်မော်ဂမ်ရော့ (အသက် ၈ နှစ်) တို့ဖြစ်ပြီး ဒဏ်ရာရရှိသူများသည် သေဆုံးသူ၏ အမျိုးသား ၃၆ နှစ်ရှိ သော ဦးဂျန်မော်အောင်နူး၊ သားဖြစ်သူ ၂ နှစ်သား မောင် ဂျန်မော် လဆမ် နှင့် အသက် ၉၀ အရွယ်ရှိသော ယောက္ခထီးဖြစ်သူ ဦးဂျန်မော်ဒွဲ တို့ဖြစ်သည်။

၎င်းဒဏ်ရာရရှိသူ ၃ ဦးကို ယခုချိန် မြစ်ကြီးနားဆေးရုံသို့ပိုဆောင်ခဲ့ပြီး ဆေးကုသခံယူနေပြီဖြစ်ကြောင်း သိရသည်။

လောလောဆယ်တွင် မရမ်းကျေးရွာရှိ အစိုးရတပ်နှင့် ကချင်ပြည် လွတ်လပ်ရေးတပ်မတော် (KIA) ကြား နှစ်ဖက်တိုက်ပွဲသံများ မကြားရ သော်လည်း အဆိုပါ မရမ်းကျေးရွာအနီးတွင် အစိုးရစစ်တပ်၏ အ မြောက်တပ် (အမတ ၃၇၂)နှင့် ခြေလျင်တပ် (ခလရ ၂၆၀)တို့ တပ်ချ ထားကာ ကျေးရွာအတွင်းသို့ ယခုလို မကြာခန ပစ်ခတ်လေ့ရှိသောကြောင့် ဒေသခံများက အစိုးရတပ်ဖြစ်နိုင်သည်ဟု ခန့်မှန်း ပြောဆို သည်။



“ဘာဖြစ်လို့ပစ်တာလဲတော့ မသိဘူး။ သူများကလည်း အစိုးရတပ်တွေရှိတဲ့ နေရာဘက်ကနေ ပစ်နေကြတာလို့ပြောတယ်။ အရင်ကလည်း တ ခါတလေတော့ပစ်တယ်။ ဒါပေမဲ့ ဘာမှမဖြစ်ဘူးလေနော်။ မနေ့ညတော့ လက်နက်ကြီးနဲ့ပစ်တယ်။ ၈ ကြိမ်လောက်ပစ်တယ်။” ဟု ဒေသခံတစ်ဦးကပြောသည်။

အဆိုပါ လက်နက်ကြီးပစ်ခတ်မှုနှင့်ပတ်သက်၍ ကဆုန့် (Kasung) အခြေစိုက် KIA တပ်ရင်း (၁၁) သို့ဆက်သွယ်မေးမြန်းကြည့်ရာ ၎င်းတို့ဘက်မှ ပစ်ခတ်ခြင်းမပြုကြောင်း ငြင်းဆိုခဲ့ပြီး မရမ်းနယ်မြေခံ အစိုးရ တာဝန်ရှိသူများ ဖက်ကလည်း ကချင်ပြည် လွတ်လပ်ရေးတပ်မတော် (KIA) လက်ချက်ဖြစ်သည်ဟု စွပ်စွဲပြောဆိုနေကြောင်းနှင့် မည်သည့်တပ်မှ ပစ်လိုက်သည်ကို အတည်ပြုနိုင်ခြင်းမရှိသေးပေ။

လွန်ခဲ့သည့်နှစ်အတွင်း မိုးကောင်းမြို့နယ် နမ္မတီးနှင့် မရမ်းကျေးရွာကြားရှိ ရထားလမ်းတွင် ဗုံးပေါက်ကွဲမှုများ ရှိခဲ့သော်လည်း ဒေသခံများကို ထိခိုက်ခြင်းမရှိခဲ့ကြောင်းသိရသည်။

သို့သော် ယမန်နေ့ ရွာတွင်းသို့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲမှုသည် မရမ်း (Mayan) ကျေးရွာနှင့် ဒေသခံလူထုများအား စိုးရိမ်ထိန့်လန့်စေခဲ့ကြောင်း ဒေသခံများပြောသည်။

No comments: