Saturday, April 20, 2013

ကရင်နယ်စပ်မှ ဘင်္ဂလာနယ်စပ်သို့ ပထမဆုံး AA စစ်ကြောင်း ချီတက်ရာတွင် ပါဝင်ခဲ့သူ ရဲဘော်ရိုးလင်း ကွယ်လွန်

နိရဉ္စရာ

ဗိုလ်ရာဇာဦးဆောင်ခဲ့သော ရခိုင့်တပ်မတော် Arakan Army ၏ ပထမဆုံး စစ်ကြောင်း ကရင်ပြည်နယ် နယ်စပ်မှ ဘင်္ဂလာဒေခ်ျ့ နယ်စပ်သို့ ချီတက်ရာတွင် ပါဝင်ခဲ့သူ ရဲဘော်ရိုးလင်းသည် ဧပြီလ ၇ ရက်နေ့က အိန္ဒိယ နိုင်ငံတွင် ကွယ်လွန်သွားခဲ့ကြောင်း သတင်း ရရှိသည်။

ရဲဘော်ရိုးလင်းသည် နာတာရှည် ခံစားနေခဲ့ရသည့် အသည်းရောဂါတမျိုးဖြင့် အာသံပြည်နယ်၊ ဆေးရုံတခုပေါ်တွင် ရုတ်တရက် ကွယ်လွန်အနိစ္စရောက်ခဲ့သည်ဟု အိန္ဒိယမှ နိရဉ္စရာသို့ ပေးပို့သော သတင်းတွင် ဖေါ်ပြသည်။

သူ့အား ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ လက်သန်းချီရွာတွင် မိဘနှစ်ပါး ဖြစ်သူ ဦးသာထွန်းဦးနှင့် ဒေါ်ကြာဖြူတို့မှ ၁၉၅၉ ခုနှစ် ဧပြီလတွင်မွေးဖွားခဲ့သည်။

ငယ်နာမည်မှာ ကျော်ဇော ဖြစ်ပြီး မွေးချင်း(၇) ယောက်အနက် ခြောက်ယောက် မြောက်ဖြစ်ကာ ငယ်စဉ် ဘ၀ကတည်းက ကိုရင်ဝတ်ဖြင့် ပညာကို အပတ်တကုတ် ဆည်းပူးခဲ့သူဖြစ်သည်။

မင်းပြားမြို့ကို ရခိုင်တော်လှန်ရေး သမားများ ၀င်ရောက် သိမ်းပိုက်ခဲ့သည့် နောက်ပိုင်းတွင် ရန်ကုန်တွင် ပညာဆည်းပူးနေသူ ရဲဘော်ရိုးလင်းမှာ တော်လှန်ရေးနှင့် စတင်နီးစပ် ခဲ့သည်ဟု ဆိုသည်။

၁၉၈၈ ခုနှစ် အရေးအခင်းနောက်ပိုင်းတွင် ထိုင်းနယ်စပ်သို့ ရောက်ရှိလာပြီး ဗိုလ်ရာဇာ ဦးဆောင်သော ရခိုင့်တပ်မတော် AA သို့  ၀င်ရောက်သည်။ ၈၈ အရေးအခင်း ကာလ နောက်ပိုင်းတွင် ဗိုလ်မှူး ကြာဖြူအောင် ဦးဆောင်သည့် စစ်ကြောင်းဖြင့် ထိုင်းနယ်စပ်မှ ရခိုင်ပြည်သို့  ပင်လယ်ကြောင်းမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ထိုမှ တဆင့် ဘင်္ဂလားဒေခ်ျ့ နယ်စပ်သို့ ရောက်ရှိခဲ့ကာ ရခိုင်တပ်မတော် AA ကို စတင်ထူထောင်ရာတွင် ပါဝင်ခဲ့သည်။

၎င်းနောက်ပိုင်း ပညာရေးနှင့် ပရဟိတလုပ်ငန်းများဆက်လက်လုပ်ဆောင်လိုသဖြင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဖလောင်းချိတ်မြို့တွင် မေဓသာရ အမည်ဖြင့် ရဟန်း အဖြစ်ခံယူခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ နာလန္ဒာတက္ကသိုလ်တွင် ကျောင်းသားအဖြစ်ဖြင့် တက်ရောက်ပညာသင်ယူခဲ့ရာ မဟာဝိဇ္ဇာ (အမ်အေတန်း) ကို အောင်မြင်ခဲ့သည်။

တချိန်တည်းတွင် ကာလကတ္တားမြို့ ကျောင်းသားများ စာပီအသင်းကို တည်ထောင်ခဲ့ပြီး ပရဟိတဘုန်းကြီးကျောင်းတခု ဖြစ်ပေါ်ရေးအတွက် အဓိကနေရာမှ ပါဝင် လုပ်ဆောင်ခဲ့သည်။

ကိုရိုးလင်းမှာ ထူးခြား ရိုးသား ဖြူစင်သူဖြစ်ပြီး အစဉ်သဖြင့် ခွင့်လွှတ် အနစ်နာ ခံတတ်သူ၊ ကိုယ့်ကျင့်စာရိတ္တကောင်းမွန်ပြီး မေတ္တာဝါဒဖြင့်သာ ပြုမူ ဆက်ဆံ တတ်သူဖြစ်သည်။ သနားခြင်း၊ စာနာခြင်း၊ ညှာတာခြင်းဆိုသည့် ပရဟိတ အခြေခံ စိတ်ထားဖြင့် အများအကျိုးကို တနိုင်တပိုင် သည်းပိုး ခဲ့သူဖြစ်သည့်အလျှောက် သူဆောင်ကြည်းခဲ့သဖြင့် မျှော်လင့်ချက်မဲ့ မရှိဆင်းရဲသားတချို့သည်ပင် ယနေ့တွင် အဆင်ပြေ ပညာတတ်သူများဖြစ်နေကြပြီ ဖြစ်ကြောင်း သိရသည်။

၁၉၉၉ ခုနှစ်တွင် တဖန် လူဝတ်လဲခဲ့ပြီး ဒေါက်တာ လက်ခူဟရီရှမ်းနှင့် အိမ်ထောင် ပြုခဲ့သည်။

ကွယ်လွန်ချိန်အထိ သားသမီးထွန်းကားခြင်း မရှိခဲ့သော်လည်း မွေးစား ကူညီထောက်ပံ့ခံ သားသမီး တချို့ ကျန်ရစ်ခဲ့သည်။

ဆယ်စုနှစ်တခုစာမျှ အသည်းရောဂါကို နှစ်ရှည် ခံစားနေခဲ့ရသည့်ကြားကပင် ပရဟိတ လုပ်ငန်းတချို့ ဖြင့် လှုပ်လှုပ်ရှားရှားပင် ရှိနေခဲ့သည့် ရဲဘော်ရိုးလင်းသည် လွန်ခဲ့သည့် မတ်လ နောက်ဆုံး ပတ်ထဲတွင် ထိုင်းနိုင်ငံမှ ပို့ ဆောင်လှူဒါန်းသည့် ကြေးဘုရားဆင်းတုတော် နှစ်ဆူအား ကိုးကွယ်ကြမည့် နေရာ (အာသန်ပြည်နယ်၊ ဂျိုရဟတ်ခရိုင်) အရောက် ကိုယ်တိုင် သယ်ပို့ လုပ်နေခဲ့ရာ ခရီးလွန်ပြီး၊ ပင်ပမ်းခြင်းတို့ ရင်ဆိုင်ခဲ့ရသည်။ ထိုမှ တဆင့် ရောဂါဟောင်းမှ အခွင့် ရသွားခြင်းကြောင့် ဒီးပူးမြို့ ပုဂ္ဂလိက ဆေးရုံတခုသို့ တင်ပို့ခဲ့ရပြီး အဆိုပါ ဆေးရုံပေါ်တွင်ပင် ကွယ်လွန်ခဲ့ရခြင်းဖြစ်သည်။

ယခုဧပြီလ ၁၁ ရက်နေ့  ရဲဘော်ရဲလင်း အတွက် ရည်စူးပြုလုပ်သည့် သံဃဒါန ပြူလုပ်ခဲ့ရာ အဆိုပါ အခမ်းအနားသို့ ရပ်နီးရပ်ဝေးမှ လုပ်ဖော်ကိုင်ဖက်နှင့် မိတ်ဆွေများကိုယ်စား အရှင်အရိယ၀ံသ (အေ၊ အန်၊စီဥက္ကဌဟောင်း) မှ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

No comments: