Thursday, April 18, 2013

ဝမ်ပေါင် ကုမ္ပဏီမှ ဝတ္တုငွေနှင့် လှူဖွယ်များအား ဒေသခံများကန့်ကွက်

ခိုင်ခိုင် | ကြာသပတေးနေ့၊ ဧပြီလ ၁၈ ရက်

ဧပြီလ ၁၄ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ဝမ်ပေါင် ကုမ္ပဏီမှ လူ ၃ ဦးမှာ ဝတ္ထုငွေနှင့် လှူဖွယ်များအား မိုးကြိုးပြင် အလယ်ရွာဘုန်းတော်ကြီးကျောင်းသို့ လာရောက်လှူဒါန်းကြသည်ကို အဆိုပါ ကျောင်းတွင် လာရောက် ဥပုသ်ဆောက်တည် နေသော ဒေသခံများက ကန့်ကွက်ခဲ့ကြကြောင်း မိုးကြိုးပြင် အလယ်ရွာ ဒေသခံ မအေးမော်က မဇ္ဈိမကို ပြောသည်။

၎င်းက “အဲနေ့က ရွာမှာ အုန်းအုန်းကျွတ်ကျွတ် ဖြစ်သွားတယ်။ ဥပုသ်စောင့်တဲ့သူတွေ အကုန် ဥပုသ် ကျိုးတော့တာပဲ။ ဘုန်းကြီးတွေကတော့ လက်ခံတာ လက်မခံတာ ဘာမှမပြောပေမယ့် ရွာကလူတွေ ကတော့ အကုန်လက်မခံနိုင်ကြဘူး” ဟု ဆိုသည်။

အဆိုပါ ဘုန်းကြီးကျောင်းတွင် သင်္ကြန်တွင်း လာရောက် သီလဆောက်တည်နေကြသော မိုးကြိုးပြင် အလယ်ရွာ၊ မြောက်ရွာနှင့် နီးစပ်သော ရွာများမှ ဒေသခံများမှ ယခုလို ကန့်ကွက်ကြခြင်း ဖြစ်သည်။

ရန်ကုန် ပြည်သူ့ အကျိုးဆောင် ကွန်ရက်မှ ကိုဘထူးက ဘုန်းတော်ကြီးများအား လာရောက် လှူဒါန်းခြင်းမှာ ယတြာချေလိုသောကြောင့်သာ လာရောက်လှူဒါန်းခြင်း ဖြစ်ကြောင်း ပြောသည်။

ဝမ်ပေါင်ကိုယ်စား လာရောက်လှူဒါန်းသူမှာ မြန်မာ အမျိုးသမီးဖြစ်ပြီး ကုမ္ပဏီကိုယ်စား လာရောက် လှူဒါန်းတာဖြစ်ကြောင်း လက်ပံတောင်းအရေး တက်ကြွလှုပ်ရှားသူ ကိုဟန်ဝင်းအောင်က ဆိုသည်။

လာလှူဒါန်းသူများဘက်မှ ကန့်ကွက်မှုကို မည်သို့မျှ မတုန့်ပြန်ပဲ ဘုန်းတော်ကြီးကျောင်းမှ ကားဖြင့် ပြန်လည် ထွက်သွားကြောင်း ဒေသခံ မအေးမော်က ရှင်းပြသည်။

မိုးကြိုးပြင် အလယ်ရွာ ဒေသခံတဦးဖြစ်သူ ကိုသန်းမောင်က “ကျွန်တော်တို့ သိပ်မသိပေမဲ့ ၀မ်ပေါင်ကုမ္ပဏီ ဘက်ကလာတာ သေချာတယ်။ လာလှူတဲ့ငွေက ကိုးသောင်းငါးရာ” ဟု ဆိုသည်။

ဒေသခံ ဘုန်းတော်ကြီး ဘက်မှဝမ်ပေါင် ကုမ္ပဏီဝန်ထမ်းအား မည်သို့ပြောဆိုခဲ့သည်ကို မသိရသော်လည်း လာရောက်လှူဒါန်းသည်များကို လက်မခံပဲ ကိုးပါးသီလပေးခဲ့ကြောင်း ကိုသန်းမောင်က ပြောသည်။

မိုးကြိုးပြင်ကျေးရွာ ဒေသခံမအေးအေးက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အနီးရှိ ကျေးရွာများမှ ဘုန်းတော်ကြီးကျောင်းများသို့ ၀တ္ထုငွေနှင့် လှူဖွယ်များကို အလှည့်ကျ လှူဒါန်းသွားရန် ကုမ္ပဏီမှ ညွှန်ကြားထားသည်ဟု ၎င်းတို့ ကြားသိထားသည်ဟု ဆိုသည်။

No comments: