Thursday, April 18, 2013

EU က မြန်မာအပေါ်လက်နက် ကလွဲရင် ပိတ်ဆို့မှု ရုတ်သိမ်းနိုင်

ABC

ဥရောပသမဂ္ဂ ​အီးယူက ​မြန်မာနိုင်ငံအပေါ် ​လက်နက်ရောင်းဝယ်ရေး ​ဒဏ်ခတ်ပိတ်ဆို့မှုကလွဲပြီး ​ကျန်ရှိနေတဲ့ဒဏ်ခတ်ပိတ်ဆို့မှုအားလုံးကို ​လာမယ့် ​တပတ်အတွင်းမှာ ​ပြန်လည်ရုတ်သိမ်းနိုင်တယ်လို့ ​မျော်လင့်
နေကြပါတယ်။

မြန်မာနိုင်ငံမှာ ​ဖြစ်နေတဲ့ ​ပြုပြင်ပြောင်းလဲမှုတွေကို ​ထပ်မံ ​အသိအမှတ်ပြုတဲ့အနေနဲ့ ​ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ​လျော့ပေးတာဖြစ်တယ်ဆိုတဲ့ ​ထုတ်ပြန်ချက်မူကြမ်းတစ်ခုကို ​တွေ့ရကြောင်း ​ရိုက်တာ ​သတင်းထောက်က ​ပြောပါတယ်။

ဒဏ်ခတ်ပိတ်ဆို့မှု ​အားလုံးနီးပါး ​လျော့ချဖို့အတွက် ​အီးယူအဖွဲ့ဝင် ​နိုင်ငံတွေရဲ့ ​သံအမတ်တွေက ​မနေ့တုန်းက ​သဘောတူခဲ့ကြတာဖြစ်ပြီး ​လာမဲ့ ​တနင်္လာနေ့ကျရင် ​တရားဝင် ​အတည်ပြုကြဖို့ ​မျော်လင့်နေကြပါတယ်။

ဒီလိုဖြစ်လာမယ်ဆိုရင် ​အီးယူနိုင်ငံတွေအနေနဲ့ ​မြန်မာနိုင်ငံမှာ ​ရင်းနှီးမြုပ်နှံမှု ​ပိုလုပ်နိုင်မှာဖြစ်ပြီး ​မြန်မာနိုင်ငံဟာ ​စီးပွားရေးတိုးတက်နေတဲ့ ​အိန္ဒိယနဲ့ ​တရုတ်နိုင်ငံကြားရှိတဲ့အပြင် ​သဘာဝသယံဇာတတွေ ​ပေါကြွယ်တဲ့အတွက် ​နိုင်ငံတကာက ​မျက်စိကျနေတာလည်း ​ဖြစ်ပါတယ်။

အရင်တုန်းက ​အီးယူနိုင်ငံတွေဟာ ​မြန်မာနိုင်ငံက ​ကုမ္ပဏီပေါင်း ​၁၀၀၀ ​ရဲ့ ​ပိုင်ဆိုင်မှုကို ​ထိန်းသိမ်းလိုက်သလို ​မြန်မာနိုင်ငံ ​ထိပ်တန်းခေါင်းဆောင်အပြင် ​အစိုးရနဲ့ ​နီးစပ်တဲ့ ​ပုဂ္ဂိုလ်အယောက်ပေါင်း ​၅၀၀ ​ကိုလည်း ​ဥရောပတိုက်ထဲ ​ဝင်ခွင့်ပိတ်ပင်ခဲ့ရာက ​ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ​ရုတ်သိမ်းလိုက်မှာ ​ဖြစ်ပါတယ်။

အဲ့ဒါ့အပြင် ​စစ်ဖက်ဆိုင်ရာ ​နည်းပညာအထောက်အကူ ​ပေးဖို့လည်း ​ငြင်းဆန်ခဲ့ပြီး ​မြန်မာနိုင်ငံ ​မိုင်းတွင်းလုပ်ငန်းမှာ ​ရင်းနှီးမြုပ်နှံမှု ​မလုပ်ဖို့ ​တားမြစ်ခဲ့သလို ​သစ်ထုတ်လုပ်ရေးနဲ့ ​အဖိုးတန်ကျောက်မျက်ရတနာ ​လုပ်ငန်းမှာ ​ရင်းနှီးမြုပ်နှံမှု ​မလုပ်ဖို့ ​ကုမ္ပဏီတွေကို ​တားမြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံအပေါ် ​ချမှတ်ထားတဲ့ ​ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ​လျော့ချဖို့ ​စီစဉ်နေသလို ​မြန်မာအကျဉ်းထောင်မှာ ​ကျန်ရှိနေသေးတဲ့ ​နိုင်ငံရေးအကျဉ်းသားတွေကို ​လွှတ်ပေးဖို့ ​အီးယူအဖွဲ့က ​တောင်းဆိုလိုက်ပြီး ​ရခိုင်ပြည်နယ်နဲ့ ​မိတ္ထီလာမြို့မှာ ​ဖြစ်ခဲ့တဲ့ ​ပဋိပက္ခကို ​ဖြေရှင်းဖို့ ​တိုက်တွန်းကြောင်း ​အီးယူသံအမတ်တွေရဲ့ ​ထုတ်ပြန်ချက်မူကြမ်းမှာ ​ဖော်ပြထားပါတယ်။

No comments: