Monday, April 22, 2013

မိုးမကျခင် ရခိုင်ပြည်က ဒုက္ခသည်တွေကို ကူညီဖို့ ကုလတိုက်တွန်း

ABC

မြန်မာနိုင်ငံရဲ့ ​မိုးရာသီအတွင်း ​ရခိုင်ပြည်နယ်မှာ ​ရှိနေတဲ့ ​ဒုက္ခသည်တွေ ​ဒုက္ခအရောက်နည်းပါးအောင် ​မိုးလုံတဲ့ ​နေရာထိုင်ခင်းတွေ ​အရေးပေါ် ​လိုအပ်နေတဲ့အတွက် ​ကူညီကြဖို့ ​ကုလသမဂ္ဂက ​တိုက်တွန်းလိုက်ပါတယ်။

ယာယီတဲတွေမှာ ​နေထိုင်နေရတဲ့ ​ဒုက္ခသည်တွေနဲ့ ​ရေကြီးနိုင်တဲ့ဒေသမှာ ​ရှိနေတဲ့ ​ဒုက္ခသည် ​အယောက်ပေါင်း ​၆၀၀၀၀ ​ကို ​ကူညီဖို့ ​ငွေကြေးလျူဒါန်းမှုတွေ ​လုပ်ကြဖို့ ​ကုလသမဂ္ဂက ​တိုက်တွန်းထားပါတယ်။

မေလကနေ ​စက်တင်ဘာလအထိ ​ကျရောက်တဲ့ ​မိုးရာသီအတွင်း ​ရခိုင်ပြည်နယ်မှာ ​မိုးသည်းထန်မှုတွေနဲ့ ​တခါတရံ ​လေပြင်းမုန်တိုင်းပါ ​ကျရောက်လေ့ရှိတဲ့အတွက် ​ဒုက္ခသည်တွေအတွက် ​စိုးရိမ်မကင်း ​ဖြစ်နေကြတာ ​ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ ​ပဋိပက္ခကြောင့် ​လူပေါင်း ​တစ်သိန်းကျော် ​အိုးအိမ်ရွှေ့ပြောင်းခဲ့ရပါတယ်။ ​အဲဒီထဲက ​စစ်တွေမြို့၊ ​ပေါက်တောမြို့နဲ့ ​မြေပုံမြို့ ​ကမ်းရိုးတန်းတလျောက်မှာ ​နေထိုင်တဲ့ ​ဒုက္ခသည်တွေ ​လှိုင်းပုတ်ဒဏ်ကို ​ခံရနိုင်ဖွယ်ရှိတယ်လို့ ​ယူဆပြီး ​စိုးရိမ်ကြသလို ​တချို့ကလည်း ​မြေနိမ့်ရာ ​လယ်ကွင်းပြင်မှာ ​နေထိုင်ကြတဲ့အတွက် ​ရေကြီးမှုဒဏ်ကို ​ခံစားရမှာကို ​စိုးရိမ်နေကြတာ ​ဖြစ်ပါတယ်။

ရေကြီးမှုဖြစ်လာရင် ​ဒုက္ခသည်တွေရဲ့ ​နေရေးထိုင်ရေးနဲ့ ​သန့်စင်မှုအခြေအနေက ​ဒိထက် ​ဆိုးရွားလာပြီး ​ရေကနေ ​ပေါက်ဖွားလာတဲ့ ​ရောဂါဝေဒနာတွေ ​ခံစားရနိုင်တာကြောင့် ​ကုလသမဂ္ဂက ​ကြိုတင်ပြင်ဆင်မှုတွေ ​လုပ်လိုတာ ​ဖြစ်ပါတယ်။

ဒုက္ခသည်တချို့အတွက် ​နေရာထိုင်ခင်းတွေ ​စီစဉ်ခဲ့သလိုပဲ ​ကျန်တဲ့ ​ဒုက္ခသည်တွေကို ​အမြန်ဆုံး ​နေရာပြန်လည်ချထားနိုင်ဖို့ ​အိမ်တွေအရေးပေါ် ​ဆောက်ပေးဖို့ ​တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ ​ဖြစ်ခဲ့တဲ့ ​ပဋိပက္ခနဲ့ ​ပတ်သက်ပြီး ​ကူညီထောက်ပံ့မှုတွေလုပ်ဖို့အတွက် ​ဒေါ်လာ ​သန်းပေါင်း ​၈၀ ​လိုအပ်မယ်လို့ ​ကုလသမဂ္ဂက ​ခန့်မှန်းထားပေမယ့် ​ခုချိန်ထိ ​ဒေါ်လာ ​၉.၉ ​သန်းသာ ​လျူဒါန်းကြတာဖြစ်ပြီး ​လိုအပ်တဲ့ ​ပမာဏရဲ့ ​၁၄ ​% ​သာ ​ရရှိသေးကြောင်း ​ကုလသမဂ္ဂရဲ့ ​သတင်းမှာ ​ဖော်ပြထားပါတယ်။

No comments: