Monday, April 8, 2013

မြန်မာတိုးတက်ရင် ဒေသတွင်း တိုးတက်ရာရောက်လို့ သမ္မတပြော

Naomi Woodley

မြန်မာနိုင်ငံဟာ ​အာရှတိုက်ရဲ့ ​အရှေ့ပိုင်းနဲ့ ​အနောက်ပိုင်းကို ​ဆက်သွယ်မှုပေးနိုင်ပြီး ​အချက်အခြာကျလှတဲ့ ​ဒေသမှာ ​တည်ရှိတဲ့အတွက် ​မြန်မာနိုင်ငံတိုးတက်လာမယ်ဆိုရင်ဒေသတွင်းတိုးတက်မှု ​ဖြစ်စေနိုင်တယ်လို့ ​သမ္မတဦးသိန်းစိန်က ​ပြောလိုက်ပါတယ်။

တရုတ်နိုင်ငံတောင်ပိုင်း ​ဟိုင်နန်ပြည်နယ်မှာ ​ပြုလုပ်တဲ့ ​ဘိုအောင်းအစည်းအဝေး ​Boao ​Forum ​မှာ ​ပြောသွားခဲ့တာဖြစ်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံများအသင်း ​အာဆီယံကနေ ​ဒေသတွင်းမှာ ​စီးပွားရေးပူးပေါင်းမှုရှိလာဖို့ ​အဓိက ​လုပ်ဆောင်နေပြီး ​ဒီပူးပေါင်းမှုကနေ ​လျင်မြန်တဲ့ ​စီးပွားရေးဖွံ့ဖြိုးမှုတွေ၊ ​အလုပ်အကိုင် ​အခွင့် ​အလမ်းတွေ ​ပွင့်လာပြီး ​ဒေသတွင်းက ​ရင်းနှီးမြုပ်နှံသူတွေနဲ့ ​နိုင်ငံတကာက ​ရင်းနှီးမြုပ်နှံ ​သူတွေအတွက် ​မျက်စိကျစရာ ​ဖြစ်အောင် ​အာဆီယံအသင်းက ​ကြိုးစား ​ဆောင်ရွက် ​နေကြကြောင်းလည်း ​ရှင်းပြခဲ့ပါတယ်။

ကမ္ဘာတခွင်မှာ ​စိန်ခေါ်မှုတွေ ​များပြားနေပေမယ့် ​အာဆီယံ ​အသင်းဝင်နိုင်ငံတွေကတော့ ​အောင်မြင်စွာ ​လုပ်ဆောင်နိုင်မယ့်အကြောင်း ​အာဆီယံနိုင်ငံတွေအတွင်း ​အစားအစာ၊ ​စွမ်းအင်လုံလောက်မှု၊ ​သဘာဝပတ်ဝန်းကျင်လုံခြုံရေး၊ ​စီးပွားရေးတိုးတက်မှုတွေကို ​မျှတအောင် ​ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး ​မြန်မာနိုင်ငံမှာလည်း ​စီးပွားရေး၊ ​လူမှုရေး ​ပြုပြင်ပြောင်းလဲမှုတွေ ​အစွမ်းကုန် ​လုပ်ဆောင်နေပြီလို့ ​သမ္မတဦးသိန်းစိန်က ​ပြောပါတယ်။

သမ္မတဦးသိန်းစိန် ​တက်ရောက်နေတဲ့ ​ဘိုအောင်းအစည်းအဝေးမှာ ​အိမ်ရှင်ဖြစ်တဲ့ ​တရုတ်သမ္မတအပြင် ​သြစတြေးလျ၊ ​နယူးဇီလန်၊ ​မွန်ဂိုးလီးယား၊ ​ပီယူး၊ ​မက္ကဆီကို၊ ​ဖင်လန်၊ ​ဇမ်ဘီယား ​အစရှိတဲ့ ​နိုင်ငံ့ ​ခေါင်းဆောင်တွေလည်း ​တက်ရောက်ကြတယ်လို့ ​သိရပါတယ်။

ဒီစီးပွားရေးဆိုင်ရာ ​အစည်းအဝေးအတွင်း ​တရုတ်သမ္မတ ​ရှီကျင်ပင်းက ​အာရှဒေသနဲ့ ​ကမ္ဘာမှာ ​တည်ငြိမ် ​အေးချမ်းမှု ​ရှိဖို့ ​လိုအပ်နေပြီး ​တရုတ်နိုင်ငံအနေနဲ့ ​ဒေသတွင်းက ​တင်းမာမှုတွေကို ​ကောင်းမွန်စွာချဉ်းကပ်ပြီး ​ဖြေရှင်းမှုတွေ ​လုပ်သွားမယ်လို့ ​ကတိပေးခဲ့ပါတယ်။

သြစတြေးလျနိုင်ငံ ​ဝန်ကြီးချုပ်နဲ့ ​သီးသန့်တွေ့ဆုံတဲ့အခါ ​တရုတ်သမ္မတက ​တရုတ်နဲ့ ​သြစတြေးလျနှစ်နိုင်ငံ ​ဆက်ဆံရေးကို ​ဒိထက်ပိုမို ​ကောင်းမွန်စေလိုတဲ့အကြောင်း ​ပြောသွားတဲ့အတွက် ​တရုတ်နဲ့ ​သြစတြေးလျ ​ဆက်ဆံရေး ​ပိုမိုတိုးတက်လာဖို့ရှိပြီး ​ကုန်သွယ်ရေးဆိုင်ရာမှာလည်း ​ပိုမိုပူးပေါင်းမှုရှိလာမယ်လို့ ​ယုံကြည်ကြောင်း ​သြစတြေးလျဝန်ကြီးချုပ် ​ဂျုလီယာဂေးလဒ်က ​ပြောပါတယ်။

အဲဒါ့အပြင် ​ဒေသတွင်း ​လုံခြုံရေးကိစ္စတွေလည်း ​ဆွေးနွေးခဲ့ကြပြီး ​ဒီတွေ့ဆုံမှုအပေါ် ​အကောင်းရှုမြင်တယ်လို့ ​ဝန်ကြီးချုပ် ​ဂျူလီယာဂေးလဒ် ​ဆိုပါတယ်။

တရုတ်နိုင်ငံ ​သမ္မတက ​ကိုးရီးယားကျွန်းဆွယ်အတွင်း ​ပဋိပက္ခဖြစ်တာကို ​မမြင်လိုတဲ့အကြောင်း ​ပြောခဲ့တယ်လို့လည်း ​သြစတြေးလျဝန်ကြီးချုပ်က ​ပြောပါတယ်။

တရုတ်အစိုးရရဲ့ ​ဖိနှိပ်မှုခံနေရတဲ့ ​တိဘက်လူမျိုးတွေရဲ့ ​လူ့အခွင့်အရေးကိစ္စနဲ့ ​ပတ်သက်ပြီး ​တရုတ်အစိုးရကို ​ဖိအားပေးမယ်လို့ ​ဂျူလီယာဂေးလဒ်က ​ကတိပေးခဲ့ပေမယ့် ​တရုတ်သမ္မတနဲ့ ​တွေ့ဆုံမှုအတွင်း ​ဖိအားပေးမှု ​လုပ်ခဲ့တယ် ​မလုပ်ခဲ့ဘူးဆိုတာတော့ ​မသိရသေးပါဘူး။

နိုင်ငံ့ခေါင်းဆောင်တချို့ ​တက်ရောက်နေတဲ့ ​ဘိုအောင်းအစည်းအဝေးက ​ဒီကနေ့ ​ပြီးဆုံးမှာ ​ဖြစ်ပါတယ်။

No comments: