Monday, April 8, 2013

ရောင်းစားခံရတဲ့ မြန်မာ ၇ ဦးကို ထိုင်းနဲ့ မြန်မာအဖွဲ့တွေ ကယ်တင်

ABC

ထိုင်းငါးဖမ်းလှေပေါ်ရောင်းစားခံခဲ့ရတဲ့ ​မြန်မာနိုင်ငံသား ​၇ ​ယောက်ကို ​ထိုင်း ​လူကုန်ကူးမှု ​တိုက်ဖျက်ရေးအဖွဲ့ ​(AHTD) ​နဲ့ ​ထိုင်းနိုင်ငံရောက် ​မြန်မာနိုင်ငံသားများအဖွဲ့တို့ ​ပူးပေါင်းပြီး ​မနေ့က ​ကယ်တင်နိုင်ခဲ့တယ်လို့ ​သိရပါတယ်။

ထိုင်းနိုင်ငံ ​ဘန်ကောက်မြို့အနီးက ​ချွန်ဘူရီခရိုင်၊ ​လှေအမှတ် ​၆၇ ​ဆိုတဲ့ ​ငါးဖမ်းလှေပေါ်က ​မြန်မာနိုင်ငံသား ​၄ ​ယောက် ​နဲ့ ​စမုတ်ပရာကန်ခရိုင် ​ခလောင်တန်လှေဆိပ်က ​လှေအမှတ် ​၂၁ ​ဆိုတဲ့ ​ငါးဖမ်းလှေပေါ်က ​မြန်မာနိုင်ငံသား ​၃ ​ယောက်ကို ​ကယ်တင်နိုင်ခဲ့တာပါ။

ရောင်းစား ​ခံရာကနေ ​ပြန်လည် ​လွတ်မြောက် ​လာတဲ့ ​ဧရာဝတီတိုင်း ​မြန်အောင်မြို့နယ်က ​ ကိုအောင်ကိုလင်းက ​သူရဲ့ ​အတွေ့အကြုံကို ​အခုလို ​ပြောဆိုပါတယ်။

ကျနော်တို့လာတာ ​ယောင်္ကျားလေး ​(၁၁)ယောက်၊ ​မိန်းကလေး(၃)ယောက်၊ ​မိန်းကလေးတော့ ​သူတို့အဲဒီ ​မြို့ထဲမှာ ​ထားခဲ့တယ်၊ ​ကျနော်တို့ ​ယောင်္ကျားလေး ​(၁၁)ယောက်တော့ ​တဖွဲ့ထဲ ​လှေထဲပို့တာပေါ့၊ ​ကျနော့်အကို ​၁ယောက်နဲ့ ​သူငယ်ချင်း ​တယောက်က ​အချောင်ဘက်(ချွန်ဘူရီ)ကို ​ပို့လိုက်တယ်၊ ​မြဝတီကကောင်(၁)ယောက်နဲ့ ​ကျနော့်အကိုတွေနဲ့လည်း ​အခုထက်ထိ ​အဆက်အသွယ်လည်းမရဘူး၊ ​ကျန်တဲ့လူတွေကတော့ ​တဖွဲ့ထဲ ​တစီးထဲပို့တာပေါ့၊ ​ပြီးတော့ ပင်လယ်ထဲကြတော့ ​တစီးတယောက်ခွဲတာ ​ကျနော်တို့(၂)ယောက်ပဲ ​တစီးထဲကျတယ်၊ ​ကျန်တဲ့လူတွေကတော့ ​တယောက်စီ ​အကုန်ကွဲသွားတာ၊ ​ပင်လယ်ထဲမှာ ​(၁)လခွဲ ​(၂)လနေရတာပေါ့ ​ကမ်းပြန်ဝင်တော့လည်း ​ကျနော်တို့မှာ ​အလုပ်တွေ ​ပြီးစီးအောင်လုပ်၊ ​လုပ်ပြီးတော့ ​ညထမင်းစားပြီး ​အဲဒီတိုက်ခန်းလေး ​ကျဉ်းကျဉ်းလေးထဲထားပြီး ​သော့ပိတ်ထားတာ၊ ​(၁၀)ပေပတ်လည် ​အခန်းလေးထဲ ​အဲဒီမှာ ​ကျနော်တို့ ​(၁၁)ယောက်လုံးလုံး ​အဲဒီမှာ ​သိပ်ထားတာ၊ ​ပန်းရံလုပ်ရမယ်ဆို ​လှေပေါ်ရောက်သွားတာ ​လှေပေါ်က ​သူငယ်ချင်းတွေက ​မင်းတို့ရောင်းစားခံရတာတဲ့၊ ​အဲဒီအရင်ရောက်တဲ့သူတွေက ​ပြောတာပေါ့၊ ​ကျနော်တို့လည်း ​အဲဒီကျမှ ​ရောင်းစားခံရမှန်းသိတာ။

လွတ်မြောက်လာသူတွေထဲမှာ ​အသက် ​၁၇ ​နှစ်အရွယ် ​မောင်ချမ်းငြိမ်းကို ​အပါအ၀င် ​ကိုညီညီဟိန်း၊ ​ကိုလှသန်း၊ ​ကိုဇော်လင်း၊ ​ကိုမောင်ဖြူ၊ ​ကိုမိုးဝေ၊ ​ကိုအောင်ကိုလင်း ​တို့ဖြစ်ကြပြီး ​မြန်မာနိုင်ငံ ​ရန်ကုန်တိုင်း၊ ​ဧရာဝတီတိုင်း၊ ​ပဲခူးတိုင်းနဲ့ ​မွန်ပြည်နယ်တွေမှာ ​နေထိုင်ခဲ့ကြသူတွေ ​ဖြစ်ပါတယ်။

သူတို့ကို ​မြန်မာနိုင်ငံ ​မြဝတီမြို့ကတဆင့် ​ထိုင်းနိုင်ငံ ​မဲဆောက်မြို့ကို ​လူပွဲစားတွေက ​ခေါ်လာပြီးနောက် ​ငါးဖမ်းလှေတွေမှာ ​တစ်နေရာစီခွဲပြီး ​ရောင်းစားခံခဲ့ကြတာ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

ငါးဖမ်းလှေတွေကနေ ​လွတ်မြောက်လာသူအားလုံးကို ​လောလောဆယ် ​ဘန်ကောက်မြို့က ​လူကုန်ကူးမှု ​ကာကွယ်တားဆီး ​နှိမ်နင်းရေးရုံးမှာ ​စစ်ဆေး ​မေးမြန်းမှုတွေ ​ပြုလုပ်နေတယ် ​လို့လည်း ​ရေဒီယို ​သြစတေးလျ ​သတင်းထောက် ​သန်းကျော်စိုးက ​သတင်းပေးပို့ထားပါတယ်။

No comments: