Monday, April 8, 2013

မြစ်နားရွာဆရာတော်ကြီး အန္တိမ ဈာပနပွဲတော် အောင်မြင်စွာ ကျင်းပပြီးစီး

နိရဉ္စရာ

ဘင်္ဂလာဒေခ်ျ့နိုင်ငံ နတ်မြစ်ကမ်းခြေ မြစ်နားရွာ ဆရာတော်ကြီး ဦးပဏ္ဍိ၏ ဈာပနပွဲတော် (ဒေသအခေါ် ဒုံးပွဲ)မှာ ဧပြီလ (၅) ရက်နေ့က အောင်မြင်စွာ ပြီးဆုံးသွားခဲ့ ဖြစ်ကြောင်း သတင်း ရရှိသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ (၂) ခုစလုံးတွင် နိုင်ငံရေး၊ ဘာသာရေးနှင့် လူမူရေး မတည်ငြိမ်မူမျာကြောင့် ဆရာတော်ကြီး၏ ဈာပန ပွဲတော် အောင်အောင်မြင်မြင် ဖြစ်မှ ဖြစ်ပါ့မလားဟု အများက စိုးရိမ် ကြောင့်ကြမူ ဖြစ်ပေါ်ခဲ့သော်လည်း ဈာပနပွဲတော်မှာ တစ်စုံတစ်ရာ ပြဿနာ မရှိဘဲ အောင်မြင်စွာ ပြီးဆုံးခဲ့သည်။

ဧပြီလ ၄ ရက်နေ့က စတင်ခဲ့သော ဈာပနပွဲတော်တွင် ရခိုင်ရိုးရာ ဓလေ့ထုံးတန်း စိုင်လာများနှင့် အညီ ကျင်းပရာ ဆေးရောင်စုံ စက္ကူပန်းများဖြင့် လှပဝေဆာစွာ တန်ဆာဆင်ထားသော မြေစိုက်၊ စံကျောင်း၊ စံချိန်များ တည်ဆောက်ပြီး ဆရာတော်ကြီးအား ရပ်သူ ရွာသားများနှင့် ရပ်နီး ရပ်ဝေးမှ တပည့်တကာများမှ နောက်ဆုံး ဂါရ၀ ပြုခဲ့ကြသည်။

မြောက်များစွာသော ဧယင်ကျူးအဖွဲ့များ၊ ကတလား အဖွဲ့များမှလည်း ရပ်နီးရပ်ဝေးမှ လာရောက်ကာ ဆရာတော်ကြီးအား ဂုဏ်ပြု ပူဇော်ခဲ့ကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း ရွက်ညိုးတောင် ကတလား အဖွဲ့မှလည်း လာရောက် ဂါရ၀ပြု ဖြေဖျော်ခဲ့ကြောင်း သိရသည်။

ဆရာတော်ကြီး၏ နောက်ဆုံး ဈာပနနေ့ အခမ်းအနားတွင် မီးမသဂြိုလ်မှီ မြေစိုက်တွင် ရုပ်ကလပ်တော်အားထားရှိပြီး ယမ်းမူန့်များ ပြုလုပ်ထားသော သစ်သားဒုံးယာဉ်ပျံများကို ကြိုးဖြင့် သွယ်တန်းကာ တစ်လုံးချင်း ပစ်လွှတ် ပူဇော်ခဲ့ကြသည်။

ဆရာတော်ကြီးပွဲတော်အား ယခုကဲ့သို့ စည်စည်ကားကား ကျင်းပနိုင်ခဲ့ခြင်း အပေါ်အထူး ၀မ်းမြောက် ဂုဏ်ယူမိကြောင်း ဈာပနပွဲတော်ကျင်းပရေး ကော်မတီ အတွင်းရေးမှူး ဦးမောင်တင်အောင်က ပြောသည်။

“ ဆရာတော်ကြီး ဈပနပွဲတော် ခုလို အောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင်ခဲ့တဲ့ အတွက် ပြည်တွင်း ပြည်ပက ၀ိုင်းဝန်း ကူညီ ကြသူတွေအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ ဒါ့ပြင် ပွဲတော်ကို ပြဿနာ တစ်စုံတစ်ရာ မပေါ်ပေါက်ရအောင် ၀ိုင်းဝန်း ကူညီ စောင့်ရှောက် ပေးကြတဲ့ ဌာနဆိုင်ရာ အစိုးရ၀န်ထမ်းတွေကိုလည်း အထူး ကျေးဇူး တင်ပါတယ်။ ပွဲတော်ဟာ ကျွန်တော်တို့ ထင်ထားတာထက် အများကြီး အောင်မြင်ပြီး အများကြီး စည်ကားခဲ့ပါတယ်” ဟု သူက ဆိုသည်။

ဈာပနပွဲတော်အတွက် ဘင်္ဂလာဒေခ်ျ့ နိုင်ငံအတွင်းမှ ကူညီငွေ တာကာငွေ (၆) သိန်းကျော်၊ ပြည်ပနိုင်ငံများ ဖြစ်ကြသည့် သြစတြေးလျ၊ နယ်သာလန်၊ ဒူဘိုင်၊ တောင်ကိုးရီးယား စသည့် နိုင်ငံများမှ ကူညီငွေ တာကာငွေ (၃၃၆၈၀၀) နှင့် မြန်မာပြည်ထဲမှ လှူဒါန်းကူညီငွေ တာကာ (၃)သိန်းကျော်၊ စုစုပေါင်း တာကာငွေ ၁၂ သိန်းကျော် ရရှိခဲ့သည်ဟု ဆိုသည်။

ဆရာတော်ကြီးသည် ၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့တွင် လူကြီးရောဂါဖြင့် သီတင်းသုံး နေထိုင်ရာ မြစ်နားရွာ အာသောကာရုံကျောင်းတိုက်တွင် ပျံလွန်တော်မူသည်။ ပျံလွန်တော်မူချိန်တွင် ဆရာတော်ကြီးမှာ သက်တော် ၈၆ နှစ် ၀ါတော် ၆၆ ၀ါ ရှိပြီ ဖြစ်သည်။

ဆရာတော် ဦးပဏ္ဍိကို သက္ကရာဇ် ၁၂၈၈ ခုနှစ် တန်းဆောင်မုန်းလဆုတ် ၁၃ ရက် ကြာသားပတေး နေ့တွင် ရခိုင်ပြည် နယ် မောင်တောမြို့နယ် နံသာတောင်ကျေးရွာမှ မြေရှင် အဖဦး မြထွန်းကျော်၊ မိခင်ဒေါ် ထာရီမေတို့မှ မွေးဖွား ခဲ့ ပြီး မွေးချင်း ၄ ဦးရှိကြောင်း သိရသည်။

ဆရာတော်သည် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ မြစ်နားရွာသို့ ၁၉၄၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ကုလား-ရခိုင် အဓိကရုဏ်း နောက်ပိုင်း မြစ်နားရွာသို့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့သည်

၁၉၄၅ ခုနှစ်တွင် မြစ်နားရွာမှ ဒေါ်ပန်းသန္တာနှင့် ဦးစံထွန်းအောင် မြေရှင်တို့မှ ပစ္စည်းလေးပါး ဒါယိကာဖြင့် ရဟန်းအဖြစ်ကို ခံတော်မူခဲ့သည်။

ဆရာတော် ပညာသင်ကြားခဲ့သည့်နေရာများမှာ ၁၉၄၆ ခုမှ ၄၇ ခုနှစ်အထိ အိန္ဒိယနိုင်ငံ ဗာရာဏသီ တွင်၎င်း၊ ၁၉၄၇-၁၉၅၈ ခုနှစ်ထိ မြန်မာနိုင်ငံ ရန်ကုန်တွင်၎င်း၊ ၁၉၄၈ မှ ၁၉၆၄ ခုနှစ်အထိ သီရိလင်္ကာ နိုင်ငံတွင် ဗုဒ္ဓ စာပေ ကျန်းဂံများကို လေ့လာ ဆည်းပူးခဲ့ပြီးနောက် အမေရိကန်နိုင်ငံ ကာလီဖိုးနီးယား ပြည်နယ်တို့တွင် ပညာ သင်ကြား ခဲ့ကြောင်းသိရသည်။

ဆရာတော်ကြီး သက်တော်ထင်ရှား ရှိသည့်အချိန်တွင် ကမ္ဘာ့သံဃာ့ကောင်စီ အဖွဲ့ဝင်အဖြစ်၎င်း၊ ၁၉၅၃-၅၄ ခုနှစ်တွင် ရခိုင် သောတုဇနအဖွဲ့ အတွင်းရေးမှူး၊ ၁၉၆၅ ခုနှစ်တွင် နတ်မြစ် ဗုဒ္ဓဘာသာအသင်းဥက္ကဌ အဖြစ် ၎င်း၊ ၁၉၆၅-၉၆ ခုနှစ်တွင် ဒက္ကား ဗုဒ္ဓဘာသာအသင်း ဥက္ကအဖြစ်၎င်း၊ ၁၉၇၉ မှ ၂၀၀၀ ခုနှစ်အထိ ဘင်္ဂလား ဒေ့ခ်ျနိုင်ငံ ရခိုင်-မာရမာ သံဃာ့ ကောင်စီဥက္ကဌ အဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့သည်။

No comments: