Thursday, April 18, 2013

ပင်လုံ ရွှေတိဂုံ ပုံတူ စေတီ ပရဝုဏ်အတွင်း ဗုံးပေါက်

KAWLI

ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင် မြို့နယ် ပင်လုံမြို့ တွင် တည်ထားတဲ့ ရွှေတိဂုံပုံတူ မဟာရဋ္ဌာဘိသာမဂ္ဂီ စေတီတော် ပရဝုဏ်ဝင်း အတွင်း စေတီရဲ့ မြောက်ဘက် အုတ်တံတိုင်း အနီးမှာ ဒီကနေ့ မွန်းလွဲပိုင်း အချိန် ဗုံးတစ်လုံး ပေါက်ကွဲခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဧပြီလ ၁၇ ရက်နေ့ ကျရောက်တဲ့ မြန်မာနှစ်ဆန်း တစ်ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်ခန့်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီးတော့ အထိအခိုက် မရှိဘူးလို့ သိရပါတယ်။

ဗုံးသံကတော့ ကျယ်တယ်။ ဒါပေမယ့် ထောင်ထားတဲ့ ဗုံးမျိုး မဟုတ်လောက်ဘူး။ လူမရှိတဲ့နေရာကို ပစ်တာဆိုတော့ ဘယ်သူ့ကိုမှလည်း မထိဘူး။ ဗုံးပေါက်တဲ့ နေရာမှာတော့ မြေကြီးက တစ်ပေလောက် ဖွာထွက်နေတယ်။ လက်ပစ်ဗုံး ဖြစ်မယ်လို့ ပြောနေကြတယ်။ ရဲတွေကတော့ လက်ပစ်ဗုံး စနစ်တံကို တွေ့မလားလို့ လိုက်ရှာနေကြလေရဲ့ – လို့ ပင်လုံ မြို့ခံ တစ်ဦးက ကော့လီကို ပြောပြပါတယ်။

ဗုံးပေါက်ကွဲပြီးနောက် ရဲတပ်ဖွဲ့ဝင်များက လာရောက်ပြီး သဲလွန်စများ ရှာဖွေခဲ့ကြပေမယ့် ညနေပိုင်းမှာတော့ လုံခြုံရေး တင်းတင်းကြပ်ကြပ် ချထားခြင်း မရှိတော့ဘဲ နှစ်ဆန်း တစ်ရက်နေ့ ဖြစ်တဲ့အလျောက် ဘုရားဖူးများနဲ့ စည်ကားလျက်ရှိတယ်လို့ သိရပါတယ်။

ပင်လုံမြို့မှာ တည်ထားတဲ့ မဟာရဋ္ဌာဘိသာမဂ္ဂီ စေတီတော်ဟာ ယခင် တပ်မတော် အစိုးရ လက်ထက်က မြန်မာနိုင်ငံအနှံ့မှာ တည်ထားခဲ့တဲ့ ရွှေတိဂုံ ပုံတူ စေတီတော်များထဲက တစ်ဆူဖြစ်ပြီးတော့ ပင်လုံ စာချုပ်လက်မှတ်ရေးထိုးရာ နေရာ အထိမ်းအမှတ် ကျောက်တိုင်နဲ့ လွိုင်လင်-သီပေါ ကားလမ်းမကြီး ကြားမှာ တည်ထေားတဲ့ စေတီလည်း ဖြစ်ပါတယ်။

No comments: