Wednesday, April 17, 2013

ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံ

ABC

ဂျပန်နိုင်ငံကို ​ရောက်ရှိနေတဲ့ ​ဒေါ်အောင်ဆန်းစုကြည်က ​မနေ့တုန်းက ​ဂျပန်နိုင်ငံခြားရေးဝန်ကြီး ​ဖူမီယို ​ကီရှီဒါနဲ့ ​မြို့တော် ​တိုကျိုမြို့မှာ ​တွေ့ဆုံခဲ့သလို ​ဂျပန်နိုင်ငံ ​ပါလီမာန်ကိုလည်း ​သွားရောက် ​လည်ပတ်ခဲ့ပါတယ်။

ပါလီမာန် ​အမတ်တွေက ​ဒေါ်အောင်ဆန်း ​စုကြည်ကို ​မတ်တတ်ရပ် ​သြဘာ ​ပေးခဲ့ကြပြီး ​ဂျပန်နိုင်ငံခြားရေး ​ဝန်ကြီးအပြင် ​တခြား ​ခေါင်းဆောင်တွေနဲ့ ​တွေ့ဆုံမှု ​အတွင်း ​ဂျပန် ​အစိုးရက ​မြန်မာနိုင်ငံ ​ဒီမိုကရေစီ ​ဆီကို ​ဦး ​တည် ​တဲ့ ​ပြုပြင် ​ပြောင်းလဲမှုကို ​ထောက်ပံ့ ​ကူညီ ​သွားမယ်လို့ ​ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်း ​စုကြည်ကလည်း ​မြန်မာနိုင်ငံအနေနဲ့ ​ဒီထောက်ပံ့ကူညီမှု ​အခွင့်အရေးတွေကို ​နည်းလမ်းမှန်မှန်နဲ့ ​အသုံးပြုဖို့ ​အရေးကြီးကြောင်း ​ပြန်လည်ပြောဆိုခဲ့ပါတယ်။

အဲ့ဒါ့အပြင် ​ဂျပန်နိုင်ငံရဲ့ ​ရင်းနှီးမြုပ်နှံမှုတွေနဲ့ ​စီးပွားရေးဆိုင်ရာ ​ကူညီမှုတွေကြောင့် ​မြန်မာနိုင်ငံမှာ ​အလုပ်အကိုင်တွေ ​ပိုမို ​ရရှိလာမယ်လို့ ​မျော်လင့်ကြောင်း၊ ​အလုပ်လက်မဲ့ဖြစ်နေရင် ​ပြည်သူတွေရဲ့ ​ဘဝ ​တိုးတက်မှုရှိနိုင်မှာ ​မဟုတ်ဘူးလို့ ​ဒေါ်အောင်ဆန်းစုကြည်က ​ပြောပါတယ်။

ပြီးတော့ ​မြန်မာနိုင်ငံမှာ ​သန့်စင်တဲ့ ​သောက်ရေသန့် ​တွေရရှိအောင် ​လုပ်ဆောင်ပေးဖို့နဲ့ ​စိုက်ပျိုးရေးကဏ္ဍအတွက် ​ရေရရှိအောင်လုပ်ပေးဖို့၊ ​လမ်းတွေဆောက်ပေးဖို့နဲ့ ​ကျန်းမာရေးကဏ္ဍတိုးတက်အောင် ​ဆောင်ရွက်ပေးဖို့ ​တိုက်တွန်းခဲ့ပါတယ်။

ခုလောလောဆယ် ​ဂျပန်နိုင်ငံရဲ့ ​မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုတွေနဲ့ ​ပါဝင်ပတ်သက်မှုတွေဟာ ​တရုတ်နဲ့ ​အိန္ဒိယနိုင်ငံလောက် ​မရှိပေမယ့် ​ဒီနောက်ပိုင်းမှာ ​ဂျပန်နိုင်ငံက ​အရေးကြီးတဲ့ ​ကဏ္ဍမှာ ​ပါဝင်လာနိုင်ဖွယ် ​ရှိနေပါတယ်။

မြန်မာနိုင်ငံရဲ့ ​ကြွေးမှီဒေါ်လာ ​သန်းပေါင်း ​၆၀၀၀ ​ရှိတဲ့အနက် ​ဂျပန်နိုင်ငံက ​တဝက်လောက်ကို ​လျော်ပေးခဲ့ပြီး ​ရင်းနှီးမြုပ်နှံမှုလည်း ​ပိုပါဝင်ဖို့ ​ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ​မနေ့မနက်ပိုင်းမှာ ​ဂျပန်နိုင်ငံ ​အိမ်ရှေ့မင်းသား ​နာရူဟီတိုနဲ့ ​နန်းတော်မှာ ​တွေ့ဆုံခဲ့ပြီး ​အိမ်ရှေ့မင်းသားက ​မြန်မာနိုင်ငံရဲ့ ​စိုက်ပျိုးရေးနဲ့ ​ပညာရေးကဏ္ဍနဲ့ ​ပတ်သက်ပြီး ​မြန်မာနဲ့ ​ဂျပန်လူငယ်တွေကြား ​အသိအမြင်တွေ ​ဖလှယ်ဖို့က ​အရေးကြီးတယ်လို့ ​ပြောခဲ့ပါတယ်။

ဂျပန်အိမ်ရှေ့မင်းသားဟာ ​၁၉၈၅ ​ခုနှစ်တုန်းက ​ဗြိတိန်နိုင်ငံ ​အောက်စဖို့ဒ်တက္ကသိုလ်မှာ ​ပညာဆည်းပူးစဉ် ​ဒေါ်အောင်ဆန်းစုကြည်နဲ့ ​ညစာအတူ ​သုံးဆောင်ခဲ့ဖူးပြီး ​အဲဒီအတွေ့အကြုံကို ​အမှတ်ရဆဲပဲလို့လည်း ​ပြောခဲ့ကြောင်း ​သိရပါတယ်။

မနက်ဖြန်မှာတော့ ​ဒေါ်အောင်ဆန်းစုကြည်ဟာ ​ဂျပန်နိုင်ငံ ​ဝန်ကြီးချုပ် ​ရှင်ဇိုအာဘေနဲ့ ​တွေ့ဆုံမှာ ​ဖြစ်ပါတယ်။

ရှင်ဇိုအာဘေဟာ ​အာရှတိုက်မှာ ​ဒီမိုကရေစီထွန်းကားတာကို ​မြင်လိုသူဖြစ်ပြီး ​မြန်မာနိုင်ငံရေးမှာလည်း ​ဂျပန်နိုင်ငံက ​ပိုမိုပါဝင်လာပြီး ​နိပွန်ဖောင်ဒေးရှင်းဥက္ကဌ ​Yohei ​Sasakawa ​ကိုလည်း ​မြန်မာအစိုးရနဲ့ ​တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ​ပြန်လည်ရင်ကြားစေ့ရေးမှာ ​ပါဝင်ဖို့ ​တာဝန်ပေးအပ်ထားပြီး ​ဖြစ်ပါတယ်။

No comments: