Wednesday, April 17, 2013

ကမ္ဘာ့ဩဇာအရှိဆုံးပုဂ္ဂိုလ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်ခံရ

DVB

ကမ္ဘာကျော် တိုင်းမ် မဂ္ဂဇင်းရဲ့ ဆယ်စုနှစ်အတွင်း ဩဇာတိက္ကမအရှိဆုံး ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ပွဲမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

အင်တာနက်ကနေ မဲပေးရွေးချယ်မှု အစီအစဉ် ဧပြီလ ၁၇ ရက်နေ့ နောက်ဆုံး အပြီးသတ် ရွေးချယ်မှုရလဒ်အဖြေကို TIME မဂ္ဂဇင်း အယ်ဒီတာအဖွဲ့က ထုတ်ပြန်ကြေညာခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်က မဲပေးသူစုစုပေါင်းရဲ့ ၆၁ ရာခိုင်နှုန်း၊ ပေါ့ပ်အဆိုတော် လေဒီဂါဂါက ၃၉ ရာခိုင်နှုန်းနဲ့ မဲအများဆုံးရရှိသွားတာ ဖြစ်ပါတယ်။

တိုင်းမ် မဂ္ဂဇင်းရဲ့ ဆယ်စုနှစ်အတွင်း ဩဇာတိက္ကမအရှိဆုံးပုဂ္ဂိုလ်ကို ၂ဝ၁၃ ခုနှစ်အတွက် နိုင်ငံရေးနယ်ပယ်၊ ထင်ရှားကျော်ကြားပုဂ္ဂိုလ်များ၊ နည်းပညာနယ်ပယ်နဲ့ ဖျော်ဖြေရေး အနုပညာနယ်ပယ် ကဏ္ဍ ၄ ခုမှ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေကို အဆင့်ဆင့် ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဧပြီ ၁၁ ရက်နေ့မှာ ဖျော်ဖြေရေးကဏ္ဍက ပေါ့ပ်အဆိုတော် လေဒီဂါဂါဟာ အမေရိကန်သမ္မတ ဘားရတ်အိုဘားမားကို ပရိသတ်အကြိုက်မဲတွေနဲ့ အပြတ်အသတ် အနိုင်ရခဲ့သလို ဧပြီ ၁၅ ရက်နေ့မှာ မြန်မာ့ဒီမိုကရေစီစံပြ ဒေါ်အောင်ဆန်းစုကြည်က ဂူဂယ်ဒုတိယဥက္ကဋ္ဌ လယ်ရီပေ့ခ်ျကို မဲအပြတ်အသတ် အသာရခဲ့ပါတယ်။

ဧပြီလ ၁၇ ရက်နေ့မှာတော့ အင်တာနက်မှ မဲပေးရွေးချယ်မှု ပြီးဆုံးခါနီး အချိန်ထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ လေဒီဂါဂါတို့ကို မဲပေးမှုရာခိုင်နှုန်းက အပြိုင်အဆိုင် ဖြစ်နေခဲ့ပြီး နောက်ဆုံးရလဒ်မှ ဒေါ်အောင်ဆန်းစုကြည်က မဲပေးရွေးချယ်မှု ရာခိုင်နှုန်း အပြတ်အသတ်နဲ့ ကမ္ဘာ့ဩဇာအကြီးဆုံးပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

No comments: