Monday, April 8, 2013

ပန်းဆေး ပြည်သူ့စစ်တပ်ဖွဲ့ အခြေစိုက်ရွာ တိုက်ခိုက်ခံရ

Kawli Media

အစိုးရ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ တစ်ခုဖြစ်တဲ့ ပန်းဆေး ပြည်သူ့စစ်တပ်ဖွဲ့ အခြေစိုက်ရာ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် အတွင်းရှိ စခန်းကို အခြား လက်နက်ကိုင်အဖွဲ့များက ဒီကနေ့ နံနက် ၄ နာရီ အချိန်လောက်မှာ ဝင်ရောက် တိုက်ခိုက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

နံနက် ၄ နာရီ လောက်မှာ ပူးပေါင်း လက်နက်ကိုင်အဖွဲ့ တစ်ခုဟာ ပန်းဆေး ပြည်သူ့စစ် တပ်ဖွဲ့ အခြေစိုက်ရာ နမ့်ခမ်းမြို့နယ် တာပန်ကုန်း၊ ရှောင်းပန်ကုန်း ကျေးရွာကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ့စစ် တစ်ဦး သေဆုံးခဲ့ပြီး အဆောက်အဦးအချို့ မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

နံနက် ၁၀ နာရီလောက်မှာ နမ့်ခမ်းဒေသခံတွေကို ကော့လီက ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ လာရောက်တိုက်ခိုက်တဲ့ အဖွဲ့တွေ ပြန်လည် ဆုတ်ခွာသွားပြီလို့ သိရပါတယ်။

ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ အဖွဲ့အစည်းတွေတော့ ကချင် လက်နက်ကိုင်အဖွဲ့ ကေအိုင်အေနဲ့ တွဲဖက်လှုပ်ရှားလေ့ရှိကြတဲ့ ပလောင်နဲ့ ရှမ်း လက်နက်ကိုင်အဖွဲ့များ ဖြစ်ကြတဲ့ တီအဲန်အယ်လ်အေနဲ့ အက်စ်အက်စ်အေ တို့ဖြစ်ကြပြီး ပန်းဆေး ပြည်သူ့စစ် တပ်ဖွဲ့က မူးယစ်ဆေးဝါး ထုတ်လုပ်နေတဲ့ နေရာတွေကို အဓိကထား တိုက်ခိုက်သွားကြတာဖြစ်တယ်လို့ ဒေသခံတွေကြားမှာ ပြောဆိုနေကြပါတယ်။


ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့ ခေါင်းဆောင်ဖြစ်သူ ဦးကျော်မြင့် ဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် နမ့်ခမ်းမြို့နယ် မဲဆန္ဒနယ်က ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်ပါတယ်

No comments: