Wednesday, April 24, 2013

မြန်မာတိုင်းမ် ရှယ်ယာဝင်ဟောင်း ဦးဆန်နီဆွေ ပြန်လည် လွတ်မြောက်

ရန်ပိုင်

မြန်မာတိုင်းမ် ဂျာနယ် ရှယ်ယာဝင်ဟောင်း ဦးဆန်နီဆွေ သည် နိုင်ငံတော်သမ္မတ လွတ်ငြိမ်းခွင့် အမိန့်ဖြင့် ရှမ်းပြည်နယ် တောင်ကြီး အကျဉ်းထောင်မှ ယနေ့ လွတ်မြောက်ကြောင်း နီးစပ်သည့် အသိုင်းအ၀ိုင်း ထံမှ သတင်းရသည်။

ထောက်လှမ်းရေးဟောင်း ဗိုလ်မှူးချုပ် သိန်းဆွေ၏သား ဦးဆန်နီဆွေသည် ၂၀၀၄ ခုနှစ်က စစ်ထောက်လှမ်းရေးများနှင့် အတူ ဖမ်းဆီးခံရခြင်းဖြစ်ပြီး စာပေစိစစ်ရေး ခွင့်ပြုချက်ကို မရယူဘဲ ထုတ်ဝေခဲ့သည်ဟု အကြောင်းပြကာ ၂၀၀၅ ဧပြီတွင် စစ်အစိုးရက ထောင်ဒဏ် ၁၄ နှစ် ပြစ်ဒဏ် ချမှတ်ခြင်း ခံခဲ့ရသူဖြစ်သည်။

၎င်း၏ ဖခင်ဖြစ်သူ ဗိုလ်မှူးချုပ် သိန်းဆွေသည် ထောက်လှမ်းရေးအဖွဲ့၏ နိုင်ငံတကာဆက်ဆံရေးဌာနမှ ဌာနကြီးမှူးဖြစ်ပြီး အကျင့်ပျက်ခြစားမှုများနှင့် တခြားသော ထောက်လှမ်းရေးအရာရှိကြီး ၃၈ ဦးနှင့်အတူ ထောင်ဒဏ် နှစ် ၂၀ မှ နှစ် ၁၀၀ ကျော် ပြစ်ဒဏ်များ အသီးသီး ချမှတ်ခံခဲ့ရသည်။

ယခု သမ္မတ အမိန့်ဖြင့် လွတ်ငြိမ်းခွင့်ပြုသည့် အကျဉ်းသား စာရင်းတွင် ဗိုလ်မှူးချုပ် သိန်းဆွေ ပါမပါကိုမူ မသိရသေး ပေ။ လွတ်ငြိမ်းခွင့်ပြုသူများ၌ နိုင်ငံရေး အကျဉ်းသား ၅၉ ဦး ပါဝင်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) က ပြောသည်။

ဦးဆန်နီဆွေသည် ထောက်လှမ်းရေး အဖွဲ့ ခေတ်ကောင်းစဉ် ၂၀၀၀ ပြည့်နှစ်က မြန်မာတိုင်းမ်(The Myanmar Times)ဂျာနယ်ကို ထုတ်ဝေခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

ယခုအခါ မြန်မာတိုင်းမ် ဂျာနယ်ကို စွယ်စုံ မီဒီယာမှ ဒေါက်တာ တင်ထွန်းဦးက အမည်ခံ ထုတ်ဝေလျက်ရှိပြီး မကြာသေးမီက The Myanmar Times ဂျာနယ်၏ မန်နေဂျင်း ဒါရိုက်တာ မစ္စတာ ရော့စ် ဒန်ကလေနှင့် ပုဂ္ဂိုလ်ရေးအရ ဖြစ်သော မကျေနပ်မှုများဖြစ်ပွားကာ တရားရင်ဆိုင်လျှက် ရှိသည်။

No comments: