Wednesday, April 24, 2013

EUဒဏ်ခတ်မှု ဖယ်ရှားပြီးနောက် အကျဉ်းသားတချို့ မြန်မာ လွတ်ပေး

ABC

ကုလသမဂ္ဂ ​EU ​က ​မြန်မာနိုင်ငံ ​အပေါ်ချမှတ်ထားတဲ့ ​ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ​လျော့ချပြီး ​နောက်တစ်ရက်မှာပဲ ​မြန်မာ ​အကျဉ်းထောင် ​အသီးသီးက ​အကျဉ်းသား ​၉၀ကျော်ကို ​သမ္မတဦးသိန်းစိန်ရဲ့ ​လွတ်ငြိမ်းချမ်းသာခွင့် ​အမိန့်အရ ​ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ​၄၀၁ ​နဲ့ ​မနေ့ ​ညနေပိုင်းမှာ ​လွတ်ပေးခဲ့တယ်လို့ ​သိရပါတယ်။

အဲဒီထဲမှာ ​နိုင်ငံရေးအကျဉ်းသား ​အယောက် ​၅၀ ​လောက် ​ပါဝင်ခဲ့တယ်လို့သိရပြီး ​သမ္မတဦးသိန်းစိန် ​လက် ​ထက် ​အကျဉ်းသားတွေကို ​လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ​ပြန်လွတ်ပေးတာ ​၇ကြိမ်မြောက်ရှိပြီလို့ ​ပြောပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ​လွတ်မြောက်လာတဲ့ ​အကျဉ်းသားတွေထဲမှာ ​နိုင်ငံရေးအကျဉ်းသား ​တချို့ပါဝင်ကြောင်း ​သိရပေမယ့် ​ဘယ်နှစ်ဦးပါဝင်လဲ ​ဆိုတာ ​စီစစ်နေဆဲလို့ ​၈၈မျိုးဆက်ကျောင်းသာများအဖွဲ့က ​ကိုပြုံးချိုက ​အခုလိုပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ ​တချို့ပါတယ်၊ ​အားလုံး ​၉၃ယောက်လွတ်တဲ့အထဲမှာ ​ကျနော်တို့ ​ဘယ်လောက် ​လောက်ထိပါနိုင်လဲဆိုတာကို ​အခုစာရင်းတွေ ​ကျနော်တို့လုပ်နေတယ်၊ ​ထောင်တွေက ​ဒီထောင်တခုထဲက ​မဟုတ်ဘူး ​နယ်ထောင်တွေကပါ ​လွတ်လာတဲ့အတွက် ​စာရင်းတွေထဲမှာ ​ဘယ်သူပါလဲ ​ပြန်ပြီးတော့လုပ်ရဦးမှာ၊ ​နိုင်ငံရေးအကျဉ်းသားစီစစ်ရေးကော်မတီမှာ ​စာရင်းတွေတင်ကြတယ်ဆိုတဲ့အခါမှာ ​နိုင်ငံရေးအရထိန်းသိမ်းထားတဲ့ ​သူအကျဉ်းသားတွေ ​၃၀၀ ​နီးပါးရှိတယ်ဆိုပြီး ​တင်ပြထားတာတွေရှိပါတယ်၊ ​အခုလွတ်လာတဲ့ ​အရေအတွက် ​အားဖြင့် ​နည်းသေးတယ်၊ ​အများကြီးကျန်နေသေးတယ်။ 

မြန်မာနိုင်ငံမှာ ​အပြောင်းအလဲတွေဖော်ဆောင်နေတဲ့အချိန်ဖြစ်တဲ့အတွက် ​အကျဉ်းထောင်တွေထဲမှာ ​နိုင်ငံရေး ​အရ ​ဖမ်းဆီးထိန်းသိမ်းထားတဲ့သူတွေကို ​အနှောင်အဖွဲ့ကင်းကင်းနဲ့ ​ပြစ်ဒဏ်ကနေ ​ချွင်းချက်မရှိအားလုံးကို ​လွတ်ပေးသင့်တယ်လို့လည်း ​ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း ​(AAPP) ​က ​ကိုဘိုကြည်က ​လက်ရှိမှာ ​အကျဉ်းထောင် ​တွေထဲမှာ ​နိုင်ငံရေးအကျဉ်းသား ​၂၀၀ ​ကျော်ကျန်ရှိနေသေးတယ်လို့ ​ခန့်မှန်းထားပြီး ​မနေ့က ​လွတ်ပေးတဲ့ ​အထဲမှာ ​နိုင်ငံရေးအကျဉ်းသား ​၁၉ဦးနဲ့ ​ရှမ်းတိုင်းရင်းသား ​၄၀ဦးလည်း ​ပါဝင်ခဲ့တယ်လို့ ​ပြောပါတယ်။ ​ရှမ်းတိုင်းရင်းသားတွေဟာ ​တပ်စုလိုက် ​ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ​နိုင်ငံရေးနဲ့ ​ဆက်စပ်ပြီး ​ဖမ်းဆီးခံရတယ်လို့ ​သတ်မှတ်ခံထားရသူတွေဖြစ်ကြောင်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ခဲ့ပါတယ်။

၂၀၁၁ ​ခုနှစ်နဲ့ ​၂၀၁၂ ​ခုနှစ်တုန်းကလည်း ​သမ္မတဦးသိန်းစိန်က ​နိုင်ငံရေးအကျဉ်းသားပေါင်း ​၈၀၀ ​ကို ​လွှတ်ပေးခဲ့ပါတယ်။

ဒီလို ​လွှတ်ငြိမ်းချမ်းသာခွင့် ​တွေဟာ ​အများအားဖြင့် ​ပြည်ပက ​နိုင်ငံခေါင်းဆောင်တစ်ဦးဦး ​လာရောက်ပြီး ​မကြာခင်မှာ ​လွှတ်ငြိမ်းချမ်းသာခွင့်ပေးတာမျိုးနဲ့ ​တိုက်ဆိုင်နေသလို ​တခါတလေ ​အနောက်တိုင်း ​နိုင်ငံတွေက ​ဒဏ်ခတ်ပိတ်ဆို့မှု ​လျော့ချပြီးနောက်ပိုင်း ​လွှတ်ငြိမ်းချမ်းသာခွင့် ​ပေးတာတွေနဲ့ ​တိုက်ဆိုင်လေ့ရှိပါတယ်။

No comments: