Saturday, April 13, 2013

ကေးထျိုးဘိုးကို သြစတေးလျ အမွေအနှစ်အဖြစ် အသိအမှတ် ပြုလိုက်ပြီ

ကန္တာရ၀တီတိုင်း(မ်)

ကရင်နီတို့ရဲ့ တံခွန်တိုင်ပွဲတော်ဟာ ထူးခြားတဲ့ ယဉ်ကျေးမှု ပွဲလန်းသဘင်ဖြစ်တဲ့အတွက် ယခုဆိုရင် သြစတေးလျအမွေအနှစ်အဖြစ် အသိအမှတ်ပြုလိုက်ပြီလို့ သြစတေးလျရောက်ကရင်နီ ကေးထျိုးဘိုးပွဲတော် ဖြစ်မြောက်ရေးအဖွဲ့က ပြောပါတယ်။

သြစတေးလျ ကရင်နီကေးထျိုးဘိုး ဖြစ်မြောက်ရေးအဖွဲ့ ပြောခွင့်ရ ခူးဌေးရယ်က… "ဒီသြစတေးလျ မှာကျနော်တို့ ကောင်စီ နဲ့နေတယ်။ ကောင်စီက ဘယ်လိုပြောလဲဆို နင်တို့ဟာက ထူးဆန်းတယ်ပေါ့နော် သမိုင်းအရကြည့်မယ်ဆိုရင် ကြာပြီ ဘိုးဘွားခေတ်ကတည်းက တခေတ်ပြီး တခေတ်ပေါ့ ဒီကေထျိုးဘိုးက တမူထူးဆန်းတယ် သူများယဉ်ကျေးမှုနဲ့မတူဘူး အားပေးရမယ် ပြီးတော့နင်တို့ဟာက သြစတေးလျ အမွေအဖြစ်နဲ့ ထားရမယ်ဆိုပြီး နေရာတွေပေးတယ် အခုဆိုကျနော်တို့ ကို ၀ီးထိုဒရစ်ပြည်နယ် ဂျီးလောင်းမြို့မှာ နေရာပေးထားတယ်ပေါ့နော်။ ဒီဧပြီလ၂၀၁၃ ကျရင် နောက်တချောင်းထပ်စိုက်မယ်ပြီးတော့ ယောက်တိုင်းက အဲဒီနေ့မှာတွေ့မယ် အမှတ်သားတွေတွေ့မယ်ပေါ့ မိဘပြည်သူတို့က အားပေးပါ ကျနော်တို့ ဒီလိုလုပ်တာလည်းကျနော်တို့ အတွက်ပဲမဟုတ်ပါဘူး" လို့ပြောပါတယ်။

တံခွန်တိုင်ရဲ့ ထူးခြားတဲ့ ယဉ်ကျေးမှု ပွဲလန်းသဘင်အကြောင်း သြစတေးလျ လူထုတွေသိရှိစေဖို့၊ စဉ်ဆက်မပြတ် ကျင့်သုံးလာတဲ့ ဘိုးဘွားအစဉ်အလာကို ထိမ်းသိမ်းနိုင်ဖို့နဲ့ အစဉ်အလာရဲ့ ယဉ်ကျေးမှုသမိုင်းများကို သြစတေးလျနဲ့တကွ ပြည်ပရောက် ကရင်နီလူငယ်တွေအကြား ဆက်လက်သိရှိနားလည်စေဖို့ ရည်ရွယ်ပြီး လာမည့် ဧပြီလ ၂၇ ရက်နေ့မှာ တံခွန်တိုင်ပွဲ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ တနှစ်တခါ ကျင်းပပြုလုပ်သွားနိုင်ဖို့ ဆက်လက်ကြိုးပမ်း သွားမယ်လို့ ဆိုပါတယ်။

သြစတေးလျနိုင်ငံ ကိုဝီးထိုဒရစ်ပြည်နယ် ဂျီးလောင်းမြို့ကောင်စီနဲ့ လူမျိုးစုကောင်စီတို့ရဲ့ အသိအမှတ်ပြုမှုဖြင့် ၂၀၁၂ ခုနှစ်ဧပြီလ ၁၄ ရက်နေ့မှာ တံခွန်တိုင် တိုင်တော်ကို လူမျိုးစုကောင်စီပိုင်မြေတွင် ပထမဦးဆုံး မြေပြင်ပေါ်မှာ စိုက်ထူနိုင်ခဲ့တာပါ။

အမျိုးသားလက္ခဏာနဲ့ သမိုင်းယဉ်ကျေးမှုကိုဆောင်တဲ့ တံခွန်တိုင်ပွဲကို ကရင်နီမျိုးနွယ်စုတွေဖြစ်ကြတဲ့ ကယား၊ ကယန်း၊ ကယောတို့ကနေ ယနေ့ထိတိုင် မိမိတို့ဘိုးဘွားအစဉ်အရ ကျင်းပ ပြုလုပ်နေ ကြပါတယ်။

ကယားပြည်နယ်မှာတော့ စုပေါင်းတံခွန်တိုင်ပွဲတော်ကို လွိုင်ကော်မြို့ချိကယ်အုပ်စု ထေးသမရွာမှာ အခမ်းအနားကို ၁၂ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး တိုင်တော်ကို ၁၃ ရက်နေ့မှာ ထူမယ်လို့ သိရပါတယ်။

No comments: