Friday, April 19, 2013

အစိုးရတပ်ပစ်ခတ်မှုကြောင့် တန့်ယန်း၌ အိမ် ၂ လုံးပြာကျ လူ ၂ ဦးဒဏ်ရာရ

သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် လွယ်စေးအုပ်စု အတွင်းရှိ ကျေးရွာနှစ်ရွာပေါ်အား မြန်မာစစ် တပ်မှ လက်နက်ကြီး ဖြင့် ပစ်ခတ်သဖြင့် ရွာသား ၂ ဦးဒဏ်ရာရကာ အိမ် ၂ လုံးပြာကျခဲ့ကြောင်း တန့်ယန်းဒေသခံများ က ပြော သည်။

“ လွယ်စေး(တရုတ်)ရွာထဲကို လွယ်ဖှာ့ဖာစခန်းကနေ မြန်မာ့စစ်တပ်က လက်နက်ကြီးနဲ့ပစ်ချတယ်။ လွယ်စေး(တရုတ်)ရွာက ရွာသားတွေက မြို့ဘက် သိပ်မပြောင်းကြဘူး။ ဆိုတော့ အသက် ၁၇ နှစ်အရွယ် ကောင်လေးတယောက်နဲ့ အသက် ၁ နှစ်အရွယ် ကလေးလေးတယောက် ကျည်စ ထိ ဒဏ်ရာရတယ်။ အခု ၂ ယောက်စလုံး တန့်ယန်းဆေးရုံမှာ ဆေးကုသမှုခံယူ နေ တယ်” တန့်ယန်းမြို့နေ စစ်ပြေးဒုက္ခသည် များအား ကူညီမှုပေးနေသော စိုင်းနောင့်က ပြောသည်။

ဧပြီလ ၁၅ ရက် မွန်းလွဲ ၁ နာရီခွဲက ရွာအနီးတောင်ကုန်း(လွယ်ဖှာ့ဖာတပ်စခန်း) ပေါ်ရှိအစိုးရတပ်စခန်းမှ လွယ်စေးရွာထဲသို့ လက်နက်ကြီး ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အားလူ (အသက် ၁၇ နှစ်) နှင့် အားဝေချင် (အသက် ၁ နှစ်၂ လ) တို့အား ခြေထောက်၊ လက်နှင့် တင်ပါးတို့၌ လက်နက်ကြီးကျည်စ ထိမိခဲ့သည်။

အားဝေချင်တို့အိမ်ဝင်းထဲကျည် ၃ လုံးကျကာ နွားမွေးခြံပါထိမိကြောင်း တန့်ယန်းရောက် လွယ်စေးရွာသားများပြောသည်ဟု စိုင်းနောင့်ကပြောသည်။

ထိုနေ့တရက်တည်းတွင်ပင် ဟွေ့ပူရွာအခြေစိုက် မြန်မာတပ်စခန်းမှလည်း ဝမ့်ကောင်လုံရွာထဲသို့ လက်နက်ကြီးပစ်ခတ် သဖြင့် အိမ် ၂ လုံးပြာကျခဲ့သည်။

“ လုံးဆိုင် နဲ့ အိုက်ဆာမ်လမ် တို့အိမ် ၂ လုံးပြာကျသွားတယ်။ တော်သေးတယ် ပိုင်ရှင်တွေက မြို့တက်တိမ်းရှောင်ကုန်ကြ တယ်လေ” ဟု မြို့ပေါ်ရောက် ဟွေ့ပူရွာသားကလည်းပြောပါသည်။ တန့်ယန်း အောင်မင်္ဂလာကျောင်းတိုက် ဒုက္ခသည် စခန်း ၌လည်း အခုရက်ပိုင်း လူဦးရေထပ်တိုးလာနေကြောင်းလည်း ကူညီရေးအဖွဲ့မှ စိုင်းခေး ကပြောသည်။

မြန်မာအစိုးရက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား အပစ်ရပ်ကြောင်း ငြိမ်းချမ်းရေးဆွေးနွေးကြောင်းဆွေးနွေး သဘောတူလက်မှတ်ရေးထိုးထားသော်လည်း ထိုကဲ့သို့ ပြည်သူများ ငြိမ်းချမ်းစွာမနေနိုင်သေးသည်မှာ အောက်ပါအချက် ၅ ချက်ကိုကြည့်လျှင်အလွယ်တကူလေ့လာနိုင်ကြောင်း RCSS/SSA အတိုင်ပင်ခံပုဂ္ဂိုလ်တဦးကပြောသည်။

(၁) မြန်မာအစိုးရသည် တပြည်လုံးအပစ်ရပ်စဲကြောင်း မကြေငြာခြင်း
(၂) ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းစဉ်အတွက် ဘတ်ဂျက်ချမပေးခြင်း
(၃) အပစ်ရပ်လက်မှတ်ရေးထိုးပြီးသော်လည်း စစ်ဆင်ရေးများဆက်လက်ဆင်နွှဲနေခြင်း
(၄) အပစ်ရပ်သည့်အဖွဲ့ ၁၃ ဖွဲ့ဟု မကြေငြာဘဲ အပစ်ရပ် ၁၀ ဖွဲ့ဟုသာ အစဉ်အမြဲပြောဆိုကြေငြာခြင်း
(၅) ၁၇(၁)ပုဒ်မအား လုံးဝ မပယ်ဖျက်ပေးခြင်း- စသည်တို့ကြောင့်ဖြစ်ကြောင်း ပြောသည်။

ထိုသို့ဖြစ်ရခြင်းမှာ စစ်တပ်အပေါ် သမ္မတထိန်းချုပ်နိုင်စွမ်း မရှိသေးခြင်းကြောင့်ဖြစ်ကြောင်း၊ တပ်မတော်အပေါ် သမ္မတကြီး ဩဇာလွှမ်းမိုးနိုင်ရေးမှာ အကြီးမားဆုံးသော ရင်ဆိုင်ကျော်လွှားမှုတခုဖြစ်နေကြောင်း အဆိုပါ ပုဂ္ဂိုလ်က သုံးသပ် ပြောဆိုပါ သည်။

No comments: