Friday, April 19, 2013

တရုတ် CNPC ကုမ္ပဏီအား မဒေးကျွန်းသားများ ဆန္ဒပြ

သိန်းလှိုင်

ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်း၌ ရုံးစိုက်လျက် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းနေသော တရုတ်နိုင်ငံ CNPC ကုမ္ပဏီအား ဒေသခံရွာသား ၈၀၀ ခန့်က ကြာသပတေးနေ့ ညနေတွင် စီတန်းလမ်းလျှောက် ဆန္ဒပြခဲ့ကြောင်း မဒေးကျွန်း ဒေသဖွံ့ဖြိုးရေး ကော်မတီမှ တာဝန်ရှိသူများ က ပြောသည်။

“ပရိန်ရွာ ဘုန်းကြီးကျောင်းကနေ နေ့လည် ၁ နာရီ ၄၅ မှာ စထွက်တယ်။ ၄၅ မိနစ် ကျော် ကြာတဲ့အထိ CNPC ရုံးဘက်ကို စီတန်းလမ်းလျှောက်ခဲ့ကြတယ်။ သူတို့က CNPC အလိုမရှိ၊ တရုတ်တွေ ကောင်းစားဖို့ ကျနော်တို့ဒေသ လယ်မြေတွေကို မပေးနိုင် ဆိုပြီးတော့ကြွေးကြော် ချီတက်ခဲ့ကြတာ ဖြစ်တယ်။ ညနေ ၃ နာရီခွဲလောက် CNPC ရုံးရှေ့မှာပဲ ဆန္ဒပြမှုကို အဆုံးသတ်ခဲ့ကြတာ တွေ့ရတယ်။ အဖမ်းအဆီး တစုံတရာတော့ မတွေ့ရသေးပါဘူး” ဟု ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းကြည် က မဇ္ဈိမကို ပြောသည်။

ယနေ့ ဆန္ဒပြသူများမှာ ဝတ်ဆင်ထားကြသည့် အဖြူရောင်တီချပ်များ၏ ရှေ့ဘက်တွင် မဒေးကျွန်းပုံနှင့် ပုံ၏ အောက်ဘက်တွင် CNPC စာလုံးကို ဝိုင်း၍ ကြက်ခြေခတ်ထားသလို ကျောဘက်တွင်လည်း “လူမှုဘဝ မြှင့်တင်ကြ” စာတမ်းကို ရိုက်နှိပ်ထားကြသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက CNPC ရုံး ခြံဝင်းထဲမှ အသင့်အနေအထားဖြင့် နေရာယူထားကြပြီး မြို့နယ်နှင့် ခရိုင် အာဏာပိုင်များလည်း လာရောက်သည်ကို တွေ့ရကြောင်း ဦးထွန်းကြည်က ဆိုသည်။

ဒေသဖွံ့ဖြိုးရေးများ လုပ်ဆောင်ပေးရေး အပါအဝင် တောင်းဆိုချက် ၉ ချက် ရရှိရေးအတွက် ဆန္ဒပြခွင့်ကို ယမန်နှစ် ဒီဇင်ဘာလ ၁၄ ရက်နှင့် ယခုနှစ် မတ်လ ၂၉ ရက်နေ့တို့တွင် ကျောက်ဖြူမြို့နယ်ရုံးသို့ တင်ပြခဲ့သည်ကို ပယ်ချခံခဲ့ရပြီး ဧပြီလ ၅ ရက်နေ့တွင် ပြည်နယ်၌ အယူခံရာတွင်လည်း ထပ်မံပယ်ချခံခဲ့ရရာမှ ယခုကဲ့သို့ ဆန္ဒပြမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

“ကျနော်တို့ ခံစားနေရတဲ့ ဒုက္ခတွေကို ကမ္ဘာကြီးက သိရှိပြီးတော့ လူသားချင်း စာနာမှုကို လိုချင်လို့ အခုလို ဆန္ဒဖော်ထုတ်ရတာ ဖြစ်တယ်။ တောင်းဆိုချက်တွေကို လိုက်လျောမှု မရှိရင်တော့ ဆက်ပြီး ဆန္ဒဖော်ထုတ်ပွဲတွေ လုပ်သွားဖို့ ဆုံးဖြတ်ထားတယ်” ဟု ဆန္ဒပြ ခေါင်းဆောင်တဦးက ဆိုသည်။

မဒေးကျွန်း ဒေသခံများ တောင်းဆိုထားသည့် အချက် ၉ ချက်တွင် သိမ်းဆည်းခံ မြေများ လျော်ကြေးပေးရေး၊ ဒေသဆိပ်ကမ်းများမှ ရွာများသို့ လမ်းများ ဖောက်ပေးရေး၊ ဒေသခံများ အလုပ်အကိုင်ရရှိရေးနှင့် လုပ်အားခကို နိုင်ငံတကာ စံနှုန်းအတိုင်း ပေးရေး၊ လျှပ်စစ်မီး ရရှိရေး၊ ရပ်ရွာလုံခြုံရေး၊ လွတ်လပ်စွာ ငါးဖမ်းခွင့် ရရှိရေး၊ နောက်ထပ် မြေသိမ်းမှုများ မပြုရေး တို့ပါဝင်ကြောင်း သိရသည်။

“ဘယ်လိုပဲ ဟန့်တားပါစေ ဒေသခံတွေက သူတို့တောင်းဆိုတဲ့ အချက်တွေကို မဖြစ်မနေ တောင်းဆိုမယ့် သဘောကို တွေ့နေရတယ်။ CNPC အနေနဲ့ ပေးမယ် မပေးဘူးဆိုတာက တပိုင်းပေါ့။ ရသင့်ရထိုက်တဲ့ အခွင့်အရေး အတွက်တော့ ဒေသခံတွေဘက်က မရမချင်း ဆက်တောင်းဆိုသွားလိမ့်မယ်လို့မြင်ပါတယ်” ဟု ကျောက်ဖြူခရိုင် လူမှုကွန်ယက် ညှိနှိုင်းရေးမှူး ဦးထွန်းလွင် က မှတ်ချက်ပြုသည်။

မဒေးကျွန်းမှာ ကျောက်ဖြူမြို့အရှေ့ဘက် ၈ မိုင်အကွာတွင် ရှိ၍ ကျွန်းပေါ်၌ ကျောက်တန်း၊ ပြိန်၊ ရွာမ၊ ပန်းထိမ်ဆည် ဟူသော ရွာ ၄ ရွာတည်ရှိကာ လူ ၃,၀၀၀ ကျော် နေထိုင်ကြသည်။

CNPC အနေဖြင့် စစ်အစိုးရလက်ထက် ၂၀၀၉ ခုနှစ်မှ စ၍ ကျောက်ဖြူ- ကူမင်း ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းများ သွယ်တန်းခြင်း စီမံကိန်းကြီးအား အဆိုပါ ကျွန်းပေါ်၌ ရုံးစိုက် လုပ်ကိုင်နေခြင်း ဖြစ်သည်။

No comments: