Thursday, April 4, 2013

ရှေ့တပတ်အတွင်း ဒေါ်စု ဂျပန်ကိုသွားမယ်

ABC

မန်မာနိုင်ငံက ​အဓိကအတိုက်အခံပါတီ ​အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ​ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ​အခုလအတွင်းမှာပဲ ​ဂျပန်နိုင်ငံကို ​သွားရောက်လည်ပတ်ဖို့ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ​ဂျပန်နိုင်ငံခရီးစဉ်ဟာ ​အခုလ ​၁၃ ​ရက်နေ့ကနေ ​၁၉ ​ရက်နေ့အထိ ​၅ ​ရက်ကြာရှိမှာ ​ဖြစ်တယ်လို့ ​သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ​ခရီးစဉ်အတွင်း ​ဂျပန်နိုင်ငံဝန်ကြီးချုပ် ​ရှင်ဇိုအာဘေးနဲ့ ​နိုင်ငံခြားရေးဝန်ကြီး ​ဖူမီယို ​ကီရှီဒါအပါအဝင် ​ဂျပန်အစိုးရအရာရှိတွေနဲ့ ​တွေ့ဆုံသွားဖို့ရှိတယ်လို့ ​ဂျပန်နိုင်ငံခြားရေးဌာနက ​မနေ့ကပဲ ​ကြေညာခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ​ဂျပန်နိုင်ငံရောက် ​မြန်မာနိုင်ငံဖွားတွေနဲ့လည်း ​တွေ့ဆုံမှာဖြစ်ပြီး ​၁၉၈၅ ​ခုနှစ်နဲ့ ​၁၉၈၆ ​ခုနှစ်တွေအတွင်း ​သူခေတ္တသွားရောက်ခဲ့ဖူးတဲ့ ​ကျိုတိုမြို့ကိုလည်း ​လည်ပတ်ဖို့ ​အစီအစဉ် ​ရှိတယ်ဆိုတဲ့အကြောင်း ​ခရီးစီစဉ်သူတွေနဲ့ ​နီးစပ်သူတွေရဲ့ပြောဆိုချက်အရ ​သိရတယ်လို့ ​ကျိုဒိုသတင်းဌာနမှာ ​ဖေါ်ပြထားပါတယ်။

အခုဂျပန်ခရီးစဉ်ဟာ ​ဒေါ်အောင်ဆန်းစုကြည်အတွက် ​၁၉၈၆ ​ခုနှစ်နောက်ပိုင်း ​ပထမဦးဆုံး ​ခရီးစဉ်ဖြစ်တယ်လို့လည်း ​သိရပါတယ်။

ဂျပန်နိုင်ငံအနေနဲ့ ​ဒေါ်အောင်ဆန်းစုကြည်လာရောက်လည်ပတ်မှုကြောင့် ​ဂျပန်-မြန်မာနှစ်နိုင်ငံအကြား ​နားလည်မှုပိုမိုတိုးပွားလာသလို ​မြန်မာနိုင်ငံရဲ့ ​ဒီမိုကရေစီကူးပြောင်းမှုအကြောင်းကို ​ဂျပန်နိုင်ငံအတွင်းမှာ ​နားလည်မှုပိုပြီးတိုးပွားလာဖို့ ​မျှော်လင့်မိတဲ့အကြောင်း ​ဂျပန်နိုင်ငံခြားရေးဌာနက ​ဖေါ်ပြခဲ့ပါတယ်။

အခုအခါမှာ ​လွှတ်တော်အမတ်တစ်ယောက် ​ဖြစ်လာတဲ့ ​အမျိုးသားဒီမိုကရေစီပါတီခေါင်းဆောင် ​ဒေါ်အောင်ဆန်းစုကြည်ဟာ ​အထိန်းသိမ်းခံထားရာကနေလွတ်မြောက်လာပြီးနောက်ပိုင်း ​ပြည်ပခရီးစဉ်တွေ ​တောက်လျောက်သွားလာနေခဲ့ရာက ​အခုတစ်ခေါက်မှာတော့ ​ဂျပန်နိုင်ငံကို ​သွားရောက်လည်ပတ်မှာ ​ဖြစ်ပါတယ်။

No comments: