Wednesday, April 24, 2013

စေတီပုံပါ အထည်စနှင့် ပတ်သက်၍ မေခလာသိန်းဆိုင် ရှင်းလင်း

ချစ်ဆု

အထည်စပေါ်တွင် စေတီပုံ ပါရှိသောကြောင့် သာသနာညှိုးနွမ်းစေမှုဖြင့် အမှုဖွင့်ခံထားရသော ယုဇနပလာဇာရှိ မေခလာသိန်း အထည်ဆိုင်မှ “ပဋိပက္ခနှင့် ပတ်သတ်၍ တကယ့် ဖြစ်ရပ်အမှန် သတင်းစာရှင်းလင်းပွဲ” ဟူသောခေါင်းစဉ်ဖြင့် ယနေ့ နေ့လယ် ၂ နာရီက တော်ဝင်နှင်းဆီတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ယင်းသတင်းစာရှင်းလင်းပွဲတွင် အာမခံဖြင့် နေထိုင်နေသူ မေခလာသိန်း အထည်ဆိုင်ပိုင်ရှင်၏ သားဖြစ်သူ ဦးကျော်လှိုင်သိန်း က ပြည်တွင်းရှိ ဂျာနယ်တချို့တွင် ခေါင်းကြီးပိုင်း၌ ဖော်ပြထားသော သတင်းများမှာ ၎င်းတို့မိသားစု၏ ဂုဏ်သိက္ခာနှင့် စီးပွားရေးကို ထိခိုက်စေသောကြောင့် ယခုကဲ့သို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောသည်။

“ဂျာနယ်တချို့မှာ ကျနော်တို့ဆိုင်က ထမီတွေမှာ စေတီပုံကို တမင်ရိုက်နှိပ်တာ၊ ပြီးတော့ ကျနော်တို့က ဘာသာခြားတွေ၊မွတ်စလင်တွေလို့ ရေးသားထားတာတွေ တွေ့ရတယ်။ ဂျာနယ်တွေက ရေးမယ် ဆိုရင် ကာယကံရှင်ကို မေးပြီးမှ ရေးသင့်တာပေါ့။ အခု အကြားစကားတွေနဲ့ ရေးထားကြတယ်။ မိတ္ထီလာကလည်း ဖြစ်တာ မကြာသေးတော့ ကျနော်တို့ လန့်တယ်။ အခု ဆိုင်ပိတ်ထားရတယ်။ မရောင်းရဲဘူး။ တချို့က ပြောသံကြား တခုနဲ့ ယုံလိုက်တာ များတယ်” ဟု ဦးကျော်လှိုင်သိန်းက ဆိုသည်။

ပြည်တွင်း ဂျာနယ်တချို့တွင် ဘုရားပုံပါသော ထမီစများကို မေခလာသိန်းဆိုင်မှ ရိုက်နှိပ်ထုတ်လုပ် ရောင်းချ နေသည်ဟု ဖော်ပြထားခြင်းများ တွေ့ရှိရသည်။

ဦးကျော်လှိုင်သိန်းက ဆက်လက်၍ “ကျနော်တို့ဆိုင်က အထည်ကို မထုတ်လုပ်ပါဘူး။ ကယ်ရီတွေက ရောင်းတာကိုပဲ တဆင့် ပြန်ရောင်းတာပါ။ ပြီးတော့ အ၀တ်စမျိုးစုံ ရောင်းတာပါ။ အမျိုးသမီးဝတ် ထမီချည်းပဲ ရောင်းတာ မဟုတ်ပါဘူး။ အထက်ဆင့်တပ်ပြီး ရောင်းတာမဟုတ်ဘူး။ ဒါကို ခေါင်းအုံးဖုံးလည်း ချုပ်လို့ရတယ်၊ အင်္ကျီလည်း ချုပ်လို့ရတယ်။ အလိပ်ကနေ ဖြတ်ပြီး ရောင်းတာပါ” ဟု ဆိုသည်။

ယခုလ ၁၁ ရက်တွင် သာကေတမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရန်ပြေ ၃ ဥက္ကဋ္ဌ ဒေါ်ဥမ္မာက ယုဇနပလာဇာရှိ မေခလာသိန်း (သမီး) အထည်ဆိုင်တွင် ထမီချုပ်ရန် ပိတ်စ ၀ယ်ခဲ့ရာမှ ထိုပိတ်စတွင်စေတီပုံ ပါရှိနေသောကြောင့် ၁၃ ရက်နေ့တွင် ထေရ၀ါဒဓမ္မကွန်ရက်မှ မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းတွင် ပုဒ်မ (၂၉၅) ဖြင့် အမှုဖွင့်ခဲ့ပြီး ၁၄ ရက်နေ့တွင် ဦးကျော်လှိုင်သိန်းအား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်လာသော ထေရ၀ါဒဓမ္မ ကွန်ရက်မှ ဥပဒေအကြံပေးရှေ့နေ ဦးအေးပိုင်က “ဒီ ရှင်းလင်းပွဲ ခေါင်းစဉ်က ပဋိပက္ခနှင့် ပတ်သတ်၍ ဆိုတော့ လူတွေအထင်အမြင် လွဲနိုင်တယ်။ သာသနာ ညှိးနွမ်းအောင် လုပ်တာက ဘာသာခြား လုပ်မှ မဟုတ်ဘူး၊ ဗုဒ္ဓဘာသာဝင်လည်း လုပ်လို့မရဘူး။ ဒီပိတ်စတွေ ဘယ်ကလာတယ် ဆိုတာ အမှန်သိအောင် လုပ်ရမှာပါ” ဟု ပြောသည်။

ဆိုင်ရှိ စေတီပုံပါသော ပိတ်စနှင့် ရောင်းဝယ်ထားသော ဘောက်ချာများကို မင်္ဂလာတောင်ညွန့် မြို့နယ်ရဲစခန်းတွင် အပ်နှံထားပြီး လာရောက်ရောင်းချသူမှာ မော်လမြိုင်ဘက်က ဖြစ်ကြောင်း၊ ဘောက်ချာ စာရွက်များအရ ၂၀၁၂ ခုနှစ်ကတည်းက ရောင်းချထားခြင်း ဖြစ်ကြောင်း သိရသည်။

ထိုရှင်းလင်းပွဲတွင် ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးဘိုးအောင်မှာ ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး ဒေါ်မေခလာသိန်းမှာ ဟိန္ဒူမျိုးနွယ်စပ် ဖြစ်ကြောင်းနှင့် အထည်စများ တွေ့ရှိခဲ့သည့် ဆိုင်ဖြစ်သော မေခလာသိန်း (သမီး) ဆိုင်ပိုင်ရှင် ဒေါ်မော်လီမှာလည်း ဗုဒ္ဓဘာသာဝင် ဖြစ်ကြောင်းကို လ၀ကမှ တရားဝင် ထုတ်ပေးထားသော သန်းခေါင်စာရင်း ပြသ၍ ရှင်းလင်းခဲ့သည်။

ပဋိပက္ခနှင့် ပတ်သတ်၍ တကယ့် ဖြစ်ရပ်အမှန်ဟူသော သတင်းစာရှင်းလင်းပွဲ ခေါင်းစဉ်နှင့် စေတီပုံပါ အထည်များကို ရောင်းချခဲ့သည့် ဧပြီ ၁၁ ရက်နေ့တွင် ဆိုင်ကောင်တာထိုင်သူနှင့် ရောင်းချခဲ့သူတို့ မည်သူမည်ဝါ ဖြစ်သည်ကို ဧရာဝတီမှ မေးမြန်းရာ ဦးကျော်လှိုင်သိန်းက “အလုပ်သမားတွေမှာ တာဝန်မရှိပါဘူး။ ဆိုင်ရှင်တွေမှာပဲ တာဝန်ရှိပါတယ်။ သူတို့က ပစ္စည်း အသိမ်းအပြုနဲ့ ငွေလက်ခံတာပဲ လုပ်တာပါ။ ဒီခေါင်းစဉ်က ကျနော်တို့ ရှင်လင်းပွဲ အတွေ့အကြုံမရှိလို့ ဖြစ်ရတာပါ” ဟု ဆိုသည်။

ယင်း သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသူ ရွှေဝါရောင် သံဃာတော်များကွန်ရက်၊ ရွှေတောင် ကျောင်းတိုက်မှ ဆရာတော် ဦးပဏ္ဍ၀ံသက “ဘုန်းကြီးက ဒီရပ်ကွက်ရဲ့ ရွာဦးကျောင်း ဆရာတော်ပါ။ လပြည့်နေ့တိုင်း ဆွမ်းခံကြွတယ်။ အဲဒီဆိုင်ကလည်း အမြဲ လောင်းနေကျပါ။ ဂျာနယ်တွေ ရေးတာကလည်း ရေးပြီးပြီ။ ဒါပေမယ့် ပြဿနာ မကြီးထွားအောင် ၀ိုင်းဝန်း ထိန်းသိမ်းပေးကြပါ” ဟု သြ၀ါဒပေးသည်။

ထိုသတင်းစာ ရှင်းလင်းပွဲတွင် မေခလာသိန်း အထည်ဆိုင်မှ ၁၉၉၄ ခုနှစ်တွင် လှူဒါန်းခဲ့သော စေတီထီးတော် တင်လှူပွဲနှင့် ပဉ္စင်းခံ အလှူပွဲမှတ်တမ်း စီဒီခွေကို ရှင်းလင်းပွဲသို့ လာရောက်သူများအား ဝေပေးခဲ့သည်။

No comments: