Wednesday, April 24, 2013

HRW အစီရင်ခံစာပါ စကားလုံးအသုံးအနှုန်းများကို လက်မခံနိုင်ကြ

ခိုင်ခိုင်

အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) မှ ထုတ်ပြန်သော အစီရင်ခံစာတွင် စကားလုံးပြင်းပြင်းထန်ထန် သုံးနှုန်းလိုက်သဖြင့် ထိန်းသိမ်းနေရသည့် အချိန်တွင် အခြားပြဿနာ များ ဖြစ်ပေါ်လာနိုင်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် တွင်းရေးမှူး ဦးစစ်မြိုင်က မဇ္ဈိမကို ပြောသည်။

၎င်းက “ကုလသမဂ္ဂ အဖွဲ့အစည်းတွေ ကျန်တဲ့ အဖွဲ့အစည်း တွေကလည်း ဆောင်ရွက်သင့်တာတွေဆောင်ရွက်ပြီးတော့ အခြေအနေတွေကလည်း အကောင်းဘက်ကို ရှေးရှုနေတဲ့ အချိန်မှာ အခုလို အလွန်ပြင်းထန်တဲ့ စွပ်စွဲမှု တခုအနေနဲ့ ထုတ်တယ်ဆိုတော့ ဒါဟာ ဘယ်လောက် ခိုင်မာသလဲ ပြည်သူသန်းခြောက်ဆယ်ကို ကိုယ်စားပြုတာမှန်ရဲ့လား ဆိုတာကို ဝေဖန်စရာ ဖြစ်လာတာပေါ့” ဟု ဆိုသည်။ ထို့အပြင် ၎င်းတို့ မြန်မာနိုင်ငံ အမျိုသား လူ့အခွင့်အရေးကော်မရှင် အနေဖြင့် လူမျိုးသုဉ်း သတ်ဖြတ်မှုများကို မတွေ့ရကြောင်းနှင့် မီဒီယာများ လည်း အဆိုပါနေရာများသို့ ရောက်ရှိသင့်သလောက် ရောက်ရှိကြောင်း ဦးစစ်မြိုင်က ရှင်းလင်းသည်။

“ခင်ဗျားတို့ လုပ်နိုင်သမျှ အရာအားလုံးက ဆုတောင်းဖို့ပါပဲဟုအဓိပ္ပါယ်ရသော” All You Can Do is Pray”ခေါင်းစဉ် တပ်ထားသည့် စာမျက်နှာ၁၅၃ မျက်နှာပါ အစီရင်ခံစာ တစ်ခုကို HRWက ဧပြီလ၂၂ရက် နေ့တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အတွင်းရှိ ရိုဟင်ဂျာ မူဆလင်များအား လူမျိုးရေး တိုက်ခိုက်မှုနှင့် လူသား မဆန်သော ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည့် ဖြစ်ရပ်များအတွက် မြန်မာအာဏာပိုင်များနှင့် ဒေသအာဏာပိုင်များအား HRW က စွပ်စွဲပြစ်တင်ခဲ့သည်။ အဆိုပါ ဖြစ်ရပ်များကြောင့် ၂၀၁၂ ဇွန်လနောက်ပိုင်းတွင် ရိုဟင်ဂျာနှင့်အခြား အစ္စလမ် ဘာသာဝင် ၁၂၅၀၀၀ ဦး တို့နေရပ်စွန့်ခွာ ပြောင်းရွှေ့ခဲ့ကြရသည်ဟု HRW က ၎င်း၏ အစီရင်ခံစာတွင် ဖေါ်ပြသည်။

“မြန်မာအာဏာပိုင်များ၊ လူမှု အသိုင်းအ၀ိုင်း ခေါင်းဆောင်များနဲ့ ဗုဒ္ဓဘာသာဝင်ရဟန်းများက ပြည်နယ် လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကျောထောက် နောက်ခံနဲ့ အစ္စလမ် ဘာသာဝင်တွေကို အကြမ်းဖက် တိုက်ခိုက်ဖို့၊ သူတို့နေထိုင်ရာဒေသတွေက မောင်းထုတ်ဖို့ ၂၀၁၂ခုနှစ် အောက်တိုဘာလအတွင်းမှာ ဗုဒ္ဓဘာသာဝင် ရခိုင်တွေကိုစည်းရုံး အားပေးခဲ့ကြပါတယ်” ဟု အစီရင်ခံစာ၌ ပါရှိသည်။

ယခုလို အကြပ်အတည်း တွေ့နေသည့် အခြေအနေမျိုးတွင် ပြောလာသော စကားလုံးများကို လက်ခံ၍မရကြောင်း လူ့အခွင့်အရေး ပညာပေးဌာန မြန်မာနိုင်ငံမှ ဦးအောင်မျိုးမင်းက မဇ္ဈိမကို ပြောသည်။

၎င်းက “ ဒီလိုမျိုး အခြေအနေတွေက ထိလွယ်ရှလွယ် အချိန်မှာ လူမျိုးသုဉ်းလို့ ပြောဖို့ကတော့ သိပ်ပြီး လက်ခံလို့ မရတဲ့ စကားပါ။ ကျွန်တော်တို့ ထပ်ပြီးလေ့လာရဦးမယ်။ သမိုင်းတွေ အများကြီး လေ့လာဖို့ လိုနေသေးတယ် ” ဟုဆိုသည်။ ဦးအောင်မျိုးမင်းက “ လူမျိုးစု သန့်စင်ရေးဆိုတဲ့ စကားလုံးကို မြန်မာနိုင်ငံမှာ တိတိကျကျ သုံးလို့ မရသေးပါဘူး။ လူမျိုးစု သန့်စင်ရေးဆိုတာက အခြားလူမျိုးကို သတ်ဖြတ်တာ သူတို့ရဲ့ လူမျိုးဆက် မပျံ့နှံ့အောင် သူတို့ရဲ့ အမူ အကျင့်စရိုက် တွေ တခြားနေရာကို မပါပဲ ပျောက်သွားအောင် အခြားကို မပျံ့အောင် လုပ်တာပါ” ဟု ရှင်းပြသည်။

၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ကိုပြုံးချိုက လက်ရှိအခြေအနေများမှာ အစိုးရအဖွဲ့ အစည်းဘက်မှလည်း ပြန်လည်ဖြေရှင်းချက်များ ထွက်ပေါ်လာပြီ ဖြစ်ကြောင်း အပြန်အလှန်ရှင်းလင်းမှုများဖြစ်ပေါ်နေဦးမည်ဟု ထင်ကြောင်း မဇ္ဈိမသို့ ပြောသည်။

လူမျိုးစု သန့်စင်ရေး ဖြစ်လာရန် ဆိုသည်မှာလည်း အရင်ကဖြစ်ခဲ့သော နောက်ခံသမိုင်းကြောင်း နောက်ခံ သမိုင်း အခြေအနေများအများကြီးပါဝင်ကြောင်း မိမိတို့ဘက်မှ သေချာနိုင်နင်းရန် လိုအပ်ကြောင်း ဦးအောင်မျိုးမင်းက ဆိုသည်။

အမျိုးသားရေး စိတ်ဓာတ်ဖြင့် ပဋိပက္ခများအပေါ်ပြောဆိုမိခဲ့ပါက လူ့အခွင့်အရေး ချိုးဖောက်သူများအဖြစ် ထင်မြင်ခံရခြင်း များရှိပြီး ၊အဓိကမှာ လူမျိုးပြဿနာ မဟုတ်ဘဲ တရားဥပဒေစိုးမိုးမှု အားနည်း နေသောကြောင့်ဖြစ်သည်ဟု ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုမင်းဇေယျက မဇ္ဈိမကို ရှင်းပြသည်။

“ကျနော်တို့ ၈၈ မျိုးဆက်တွေက နှစ်ပေါင်းများစွာ တိုက်ပွဲဝင်လာခဲ့တဲ့ လူတွေဖြစ်တဲ့အတွက် လူ့အခွင့်အရေး အပေါ်မှာ အလေးအနက် တန်ဖိုးထားတဲ့ လူတွေပါ။ လိပ်ပြာသန့်သန့်နဲ့ ခံယူထားပြီးသားပါ။ Humam Right Watch ရဲ့အစီရင်ခံစာမှာ ဖော်ပြခဲ့တဲ့ စကားလုံး အသုံးအနှုန်း တွေဟာ ကျနော်တို့ စိတ်မကောင်း ဖြစ်ရတယ်။ စကားလုံးတွေက ကျနော်တို့ နိုင်ငံကို စော်ကားနေတယ်လို့ ခံစားရတယ်။ ကျနော်တို့ ကတော့ ကန့်ကွက်မှာပါ”လို့ ကိုမင်းဇေယျ ကပြောသည်။

HRW ၏ အာရှဆိုင်ရာ ဒုတိယညွှန်ကြားရေးမှုးဖီးလ်ရောဘတ်ဆန်က “မြန်မာအစိုးရဟာ ရိုဟင်ဂျာတွေ အတွက် အကူအညီ ပေးတာတွေကို ငြင်းပယ်ခြင်း၊ သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်ခြင်းတို့ဖြင့် လူမျိုးရေး တိုက်ခိုက်ရှင်းလင်းမှု တွေမှာ ပါဝင်ပတ်သတ်နေပါတယ်” ဟုအစီရင်ခံစာတွင် ပြောသည်။

ရခိုင်ပြည်နယ်အတွင်း၌ လူအများအပြား သေဆုံးမှု ၄ ခုနှင့် ပတ်သတ်သော အထောက်အထားများ ၎င်းတို့ထံတွင် ရှိသည်ဟုလည်း HRW ၏ အစီရင်ခံစာတွင် ဖော်ပြသည်။

အဓိကရုဏ်း ဖြစ်ရပ်များအတွင်း သေဆုံးသူ ၁၈၀ ရှိကြောင်း၊ သေဆုံးသူများထဲတွင် ရခိုင်ဗုဒ္ဓဘာသာဝင်များလည်း ပါဝင်ကြောင်း နေပြည်တော်က ကြေညာခဲ့သည်။

ဖြစ်ပျက်ခဲ့သော ကိစ္စများမှာ ဘာသာရေးအရ ဖြစ်ပွားခဲ့ခြင်း မဟုတ်ကြောင်း စကားလုံးသုံးနှုန်းထားခြင်းနှင့် ပတ်သတ်၍ လက်မခံနိုင်ကြောင်း၊ ဘာသာရေးအရပဋိပက္ခ ဖြစ်ပွားခဲ့ခြင်း မြန်မာနိုင်ငံမှာ မရှိခဲ့ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးမျိုးကျော်က မဇ္ဈိမကို ပြောသည်။

No comments: