Wednesday, April 10, 2013

ဘူးသီးတောင် စည်ပင်သာယာရေးအဖွဲ့ လေလံကြေညာစာ ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်မည်

ဇင်ကီး

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ စည်ပင်သာရေးအဖွဲ့မှ ထုတ်ပြန်ထားသော အခွင့်အရေး လေးလံကြေညာစာ ၂၀၁၃ - ၂၀၁၄ ခုနှစ် ဘဏ္ဍာရေးနှစ် အခွင့်အရေး လေလံစည်းကမ်းချက် အပိုဒ် ၁ နှင့် အပိုဒ် ၄ အား ဒေသခံတိုင်းရင်းသားများက လက်မခံနိုင်ကြောင်း ကန့်ကွက် ဆန္ဒဖော်ထုတ်ပွဲကို ဧပြီလ ၁၁ ရက်နေ့တွင် ပြုလုပ်ရန် ခွင့်ပြုချက်တင်ထားကြောင်း သတင်းရရှိသည်။

ဘူသီးတောင်မြို့ စည်ပင်သာယာရေးအဖွဲ့မှ ထုတ်ပြန်ထားသော အပိုဒ် (၁)တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွင်း နေထိုင်ခွင့်ရှိသူဖြစ်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြား (သို့) အမျိုးသား မှတ်ပုံတင်ကတ် (သို့) ယာယီ သက် သေခံလက်မှတ် ကိုင်ဆောင်ထားသူ ဖြစ်ရမည်ဟု ဖော်ပြထားပြီး အပိုဒ် (၄)တွင် လေလံဝယ်လိုသူသည် လေလံတင်ခြင်းကို မှန်ကန်ကြောင်း အလေးအနက်ဖော်ပြ၍ ပူးတွဲပါရှိရမည့် သတ်မှတ်ထားသော အချက်အလက် အထောက်အထားများ နိုင်ငံသား စိစစ်ရေးကတ်ပြား မိတ္တူ (သို့) အမျိုးသား မှတ်ပုံတင် ကတ်ပြား မိတ္တူ (သို့) ယာယီ သက်သေခံကတ်ပြား မိတ္တူ၊ လဝက အိမ်ထောင်စု လူဦးရေစာရင်း ပုံစံတို့အား စပေါ်ငွေပေးသွင်းထားသည့်အတိုင်း ပူးတွဲပြီး သတ်မှတ် ထားသည့် နည်းလမ်းအတိုင်း အချိန်မှီတင်သွင်းရမည်ဟု ဖော်ပြထားကြောင်း သိရသည်။

" အမျိုးသား မှတ်ပုံတင်ကတ်နှင့် ယာယီသက်သေခံကတ် ကိုင်ဆောင်ထားသူတွေက နိုင်ငံသား မဟုတ်ပါ။ ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်ထားသူက ရခိုင်ပြည်ထဲကို ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေကို ယာယီ လည်ပတ်နိုင်ရန် အတွက်၊ လူဦးရေကို ခန့်မှန်းနိုင်ရန်အတွက် ယာယီကိုင်ဆောင်ခွင့်ပေးထားသော ကတ်သာ ဖြစ်ပါတယ်၊ မြန်မာနိုင်ငံသား ကတ်မဟုတ်ပါ။ အဲဒါကြောင့်မို့လို့ ဒီအချက်အလက်တွေကို ကျွန်တော်တို့ ကိုင်ပြီးတော့ လေလံထဲကို ဝင်ပြီး ဆွဲမယ်ဆိုရင် ကျွန်တော်တို့ တိုင်းရင်းသား နိုင်ငံသားတွေ အများကြီး နစ်နာပါမယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၄၉ (ဃ) မှာလည်း နိုင်ငံသားတိုင်းသည် စီးပွားရေးတွင် တန်းတူရှိရမယ်လို့ ပြောထားပါတယ်။ သို့သော် အခု တန်းတူဖြစ်လာခဲ့လျှင် ယာယီနေထိုင်ခွင့်ရထားသူများ၊ ယာယီလက်မှတ် ကိုင်ဆောင်ထားသူများကို အဲဒီ လိုမျိုး တရားဝင်ရှိခွင့်ပေးမယ်ဆိုရင် နိုင်ငံသား တိုင်းရင်းသားများနှင့် တန်းတူပေးထား တယ်ဆိုလျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ချိုးဖောက်ရာရောက်တယ်။ အဲဒါကြောင့် ကျွန်တော်တို့က ဒါတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ " ဟု ဘူးသီးတောင် RNDP ဥက္ကဌ ဦးထွန်းအောင်သိန်းက ဆိုသည်။

ပြည်နယ်အစိုးရသို့ တင်ပြပြီ ပြင်ဆင်ပြီး ထုတ်ပြန်ပေးရန် မတ်လ ၅ ရက်နေ့တွင် ဘူးသီးတောင် RNDP မှ ကန့်ကွက်ကြောင်းစာ ပေးပို့ခဲ့ရာ မည်သည့် တစ်စုံတစ်ရာ အကြောင်းပြန်ချက်မရှိ၍ ဒုတိယအကြိမ်အနေနှင့် ကန့်ကွက်စာကို မတ်လ ၂၅ ရက်နေ့တွင် ထပ်မံပေးပို့ခဲ့သော်လည်း အကြောင်း ပြန်ကြားချက် မရှိကြောင်း သိရသည်။

"ကျွန်တော်တို့ ဆီကို ဒီနေ့အထိ အကြောင်း ပြန်ကြားချက် တစုံတရာ ရောက်မလာသေးဘူး၊ ဒါ့ကြောင့် လမ်းမပေါ်ကို ထွက်ပြီးတော့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သွားမယ်၊ ဆန္ဒဖော်ထုတ်ခွင့်ကို ဧပြီ (၁၁) ရက်နေ့မှာ လူဦးရေ ၂၀၀ နှင့် တင်ထားပါတယ်၊ တကယ်လို့ ပယ်ချလို့ရှိရင်လည်း ထပ်မံ အယူခံဝင်သွားမယ်။ " ဟု ထွန်းအောင်သိန်းက ပြောသည်။

ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ရာတွင် အသုံးပြုကိုင်ဆောင်ထားမည့် ဆိုင်းပုဒ်မှာ (၁) ဥပဒေနဲ့အညီ ဆောင်ရွက်ပါ။ (၂) ဥပဒေအထက်တွင် မည်သူမျှ မရှိစေရ။(၃) ဥပဒေကို လေးစားပါ။ (၃) ရခိုင်ပြည်နယ်၏ စီးပွားရေး တစ်ရပ်လုံးသည် ရခိုင်ပြည်သူနှင့် ရခိုင်တိုင်းရင်းသားတို့၏ လက်ဝယ်တွင် ခိုင်မြဲစွာ ရှိနေစေရမည်။ ဖြစ်ပြီး ကြွေးကြော်သံအဖြစ် (၁) စည်ပင်လေလံ ကြေညာကို ဥပဒေနဲ့အညီ ဖော်ဆောင်ပေးရေး (၂) ရခိုင်ပြည်နယ် အစိုးရမှ အချိန်တိုအတွင်း လေလံရောင်းချခွင့် ပြုရေး (၃) ရခိုင်ပြည်သူတို့၏ စီးပွားရေးသည် ရခိုင်တိုင်းရင်းသားတို့၏ လက်ဝယ်တွင်ရှိရေး တို့ဖြစ်ကြောင်း သိရသည်။

No comments: