Friday, April 19, 2013

CNPC အား ခွင့်ပြုချက်မဲ့ ဆန္ဒပြမှုဖြင့် မဒေးကျွန်းသားအချို့ အရေးယူခံရ

သိန်းလှိုင် | သောကြာနေ့၊ ဧပြီလ ၁၉ ရက်

ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းလုပ်ငန်းများ လုပ်ဆောင်နေသည့် တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီအား ခွင့်ပြုချက်မဲ့ ဆန္ဒပြခဲ့၍ ကျောက်ဖြူမြို့နယ်၊ မဒေး (မြဒေး)ကျွန်းသား အနည်းဆုံး ၁၁ ဦးအား မဒေးကျွန်းရဲစခန်းမှ အရေးယူထားကြောင်း သိရသည်။

ဒေသဖွံ့ဖြိုးရေးများ လုပ်ဆောင်ပေးရန် ပါဝင်သည့် တောင်းဆိုချက်များ ရရှိရေးအတွက် ဧပြီ ၁၈ ရက်နေ့ ညနေကမဒေးကျွန်း၌ ရုံးစိုက်လျက်ရှိသော CNPC ကုမ္ပဏီအား ဒေသခံရွာသား ၈၀၀ ခန့်က ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

“ဒီနေ့မနက် ၈ နာရီမှာ သုံးဦးကို မဒေးရဲစခန်းက ခွင့်ပြုချက်မဲ့ဆန္ဒပြလို့ စတင်အရေးယူပါတယ်။ သူတို့တွေ အပါအဝင်အားလုံး ၁၁ ဦးကို အရေးယူမယ်လို့ စခန်းမှူးက ပြောလိုက်တယ်။ အဲဒီမှာ ကျောက်တန်းရွာမှ သုံးဦး၊ ပြိန်ရွာမှ သုံးဦး၊ရွာမမှ လေးဦးနှင့် ပန်းထိမ်ဆည်မှ တဦး ပါတယ်။ ကျနော့်ကိုတော့ ကျနော်မရှိတုန်း ရဲတွေက အိမ်မှာ လာရှာသွားတယ်။ ပြန်ရောက်ရင် စခန်းကို လာခဲ့ဖို့ မှာသွားတယ်။ အခု အားလုံးနီးပါး ပုဒ်မ ၁၈ နဲ့ အရေးယူခံ ထားရပြီးတော့ အာမခံနဲ့ ပြန်လွှတ်ထားတယ်” ဟု မဒေးကျွန်း ဒေသဖွံ့ဖြိုးရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းကြည် က မဇ္ဈိမကို ပြောသည်။

အရေးယူခံရသူ ၁၁ ဦးမှာ ကျောက်တန်းရွာမှ ကိုမျိုးနိုင်၊ ကိုမောင်မောင်မြင့်၊ ကိုယဉ်လှ၊ ပြိန်ရွာမှ ကိုဆန်းအေး၊ ကိုမောင်မောင်စိုး၊ ကိုမြင့်စိုး၊ ရွာမရွာမှ ဦးထွန်းကြည်၊ ကိုအောင်သိန်းထွန်း၊ ကိုမောင်ဖြူသီး၊ ဦးထွန်းခိုင်နုနှင့် ပန်းထိမ်ဆည်ရွာမှ ကိုတင်ဦးကျော် တို့ ဖြစ်ကြသည်။

ပြိန်ရွာမှ ကိုမြင့်စိုးမှာ ဆန္ဒပြရန် ခွင့်ပြုချက် သွားရောက်တောင်းခံရာတွင် ပါဝင်ခဲ့သော်လည်း ဆန္ဒပြရာတွင် ပါဝင်မှု မရှိခဲ့ဘဲ အရေးယူထားခြင်း ဖြစ်သည်။

ဆန္ဒမပြမီ တရက်အလို ဧပြီလ ၁၇ ရက် (နှစ်ဆန်းတရက်) နေ့ကလည်း ဆန္ဒပြမှုကို တားဆီးရန် ကြိုးပမ်းချက် တရပ်အနေဖြင့် ခွင့်ပြုချက်မဲ့ ဆန္ဒမပြပါ ဟူသော ခံဝန်ချက်ကို CNPC က အလုပ်သမားများအား လက်မှတ်ရေးထိုးစေခိုင်းခဲ့ရာ အချို့မှာ လက်မှတ်ထိုးရန် ငြင်းဆန်ကြ၍ မဒေးကျွန်းမှ အလုပ်သမား ၅၀ ကျော်အား ထိုနေ့၌ပင် အလုပ်မှ ထုတ်ပစ်ခဲ့သည်ဟုလည်း ဒေသဖွံ့ဖြိုးရေး ကော်မတီက ပြောဆိုသည်။

No comments: