Monday, April 22, 2013

ရှမ်းမြောက်ပိုင်း KIA နှင့် အစိုးရ ၃ နာရီကြာတိုက်ပွဲဖြစ်

KNG

ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၁၇ နယ်မြေတွင် အစိုးရနှင့် KIA တပ်ဖွဲ့ကြား ယမန်နေ့ ၃ နာရီခွဲကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲသည် တပ်ရင်း ၁၇ နယ်မြေ မနောင်ဘွမ် (Manau Bum) တွင် အစိုးရစစ်တပ် ခလရ ၁၄၅ တပ်ဖွဲ့များမှ KIA တပ်ဖွဲ့များရှိသည့်နေရာသို့ ထိုးစစ်ဆင်လာချိန် KIA တပ်ဖွဲ့များ ပစ်ခတ်လိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း တပ်မဟာ ၄ KIA အထက်ပိုင်းအရာရှိ တစ်ဦးကပြောသည်။

“ကျနော်တို့နေတဲ့နေရာမှာ အစိုးရတွေလာခဲ့တာလေ ကျနော်တို့ရှိတဲ့နေရာမှာလာခဲ့တော့ ကျနော်တို့ပစ်လိုက်တာပေါ့။ ကျနော်တို့ဘက်က ဘာမှမဖြစ်ဘူး။ သူတို့ဘက်က အရမ်းနာသွားတာထင်တယ်။ သူတို့ဒဏ်ရာရတဲ့လူတွေကို အမြန်လာသယ်ယူဆိုပြီး သူတို့တိုင်းဌာနကို အကြောင်းကြားနေ တာကြားတယ်။ ဒီမနက်တော့ အချင်းချင်းပြန်စောင့်နေကြတယ်” ဟု KNG ကချင်သတင်းဌာန သို့ပြောသည်။

၎င်းအစိုးရတပ်ဖွဲ့များသည် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကြား နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုပြုလုပ်နေစဉ်အတွင်း တပ်မဟာ ၄ လက်အောက် တပ်ရင်း ၃၄ နယ်မြေ သို့ နေရာယူလာခြင်းဖြစ်ပြီး ယခုချိန် ၃ နေရာတွင် အစိုးရတပ်စခန်းချထားလိုက်ပြီ ဖြစ်ကြောင်း အထက်ပါအရာရှိကပြောသည်။

“သူတို့စခန်းပြန်ချတာတွေက မန်တုန် (Mandong) အောက် ဟူတုန်းမှာ စခန်းတစ်ခု၊ ခွန်ခါးမှာတစ်ခု ပြီးတော့ ဟူမုန်းဆိုတဲ့နေရာမှာ စခန်းတစ်ခုချထားပြီ။ ဆွေးနွေးပွဲလုပ်နေတဲ့အချိန်မှာ သူတို့က နေရာတိုင်းမှာ နေရာယူ စခန်းချလာတဲ့သဘောပဲ”
ယနေ့ ၁၁ နာရီဝန်းကျင်တွင်လည်း လားရှိုးဘက်မှ အစိုးရစစ်ကား ၁၀ စီးတွင် မြင်းကောင်များတင်လာသော ကားတစ်စီးပါပြီး ၁၀၅ မိုင်ဘက်သို့ ၀င်ရောက်လာကြောင်းသိရသည်။

၎င်းသည် အစိုးရတပ်ဖက်မှ လူအလဲအလှယ်လုပ်ခြင်းမဟုတ်ပဲ အင်အားတိုးချလာခြင်းသာဖြစ်သည်ဟု KIA အရာရှိကပြောသည်။

“ခုနကပဲ စစ်သားတွေတင်ထားတဲ့ စစ်ကား ၁၀ စီး ၁၀၅ မိုင်ကိုဝင်လာတယ်လို့ သတင်းရောက်တယ်။ အဲဒီကနေ ကချင်ပြည်နယ်ဘက်ကိုသွားမလား။ မဟုတ်ရင် မုန်ဂိုဘက်ကို ထိုးစစ်ဆင်မလား အဲဒါက ကောင်းကောင်းမသိဘူး။ သူတို့က လူအပြောင်းအလဲ လုပ်သလားဆိုရင်လဲ မဟုတ်ပြန်ဘူး။ လာတိုးချထားတာ။ မြင်းတွေပါတယ်ဆိုတော့ တောင်ပေါ်တွေမှာ ၀င်ဖို့စီစဉ်တာပေါ့”
ရှမ်းပြည်မြောက်ပိုင်း တပ်မဟာ ၄ နယ်မြေတွင် သင်္ကြန်ရက်ကာလအတွင်း တိုက်ပွဲများ ငြိမ်သက်နေသော်လည်း သင်္ကြန်အပြီး ယမန်နေ့မှ တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။

အစိုးရနှင့် KIO ကြား မတ်လပိုင်းက ရွှေလီဆွေးနွေးပွဲတွင် ဧပြီလဆန်းပိုင်း ၁၀ ရက်မတိုင်မီ ပြန်လည်တွေ့ဆုံရန်သဘောတူခဲ့ပြီး မြစ်ကြီးနားမြို့တွင် တွေ့ဆုံရန် ပြောဆိုမှုများရှိခဲ့သော်လည်း အစီစဉ်ပျက်သွားခဲ့ခြင်းဖြစ်သည်။

သင်္ကြန်နောက်ပိုင်းတွေ့ဆုံရန် ပြောဆိုမှုများရှိသော်လည်း နှစ်ဖက်ဆွေးနွေးမှုကို သေချာမပြောနိုင်သေးကြောင်း KIO အထက်ပိုင်းအရာရှိများပြောဆိုခဲ့သည်။

No comments: