ABC
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ KIO ကချင်လွတ်မြောက်ရေးတပ်ဖွဲ့တွေကြား ဧပြီလ ၆ရက်နေ့ မြစ်ကြီးနားမြို့မှာ တွေ့ဆုံမဲ့ဆွေးနွေးပွဲကို ရက်ရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။
နှစ်ဘက်အဖွဲ့တွေကြား သင်္ကြန်မတိုင်မီတွေ့ဆုံနိုင်ဖို့ မြစ်ကြီးနားမြို့မှာကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားတာဖြစ်ပြီး ဆွေးနွေးပွဲကိုစောင့်ကြည့်လေ့လာမည့် နိုင်ငံတကာအဖွဲ့အစည်းတွေဘက်က အဆင်သင့်မဖြစ်သေးတဲ့အတွက် ရက်ရွှေ့ဆိုင်းလိုက်တာဖြစ်အကြောင်း KIO ဘက်က အကြောင်းပြန်ကြားခဲ့တာဖြစ်တယ်လို့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေက အခုလို ပြောပါတယ်။
“၀န်ကြီးဦးအောင်မင်းရုံးက ဒီနေ့မနက်မှာ KIO အဖွဲ့အစည်းရဲ့ အကြောင်းပြန်တဲ့စာကို လက်ခံရပါတယ်ခင်ဗျ၊ အဓိ ကတော့ KIO အဖွဲ့အစည်းအနေနဲ့ မြစ်ကြီးနားမှာ လုပ်မည့်အစည်းအဝေးကို နိုင်ငံတကာ observer တွေကို ကျနော်တို့ ဖိတ်ကြားထားပါတယ်၊ အချိန်တိုအတွင်းမှာ ကျနော်တို့ ဖိတ်ထားတာဖြစ်တဲ့အတွက် ဖိတ်ကြားထားတဲ့ observer တွေထဲက တချို့အဖွဲ့အစည်းက တက်ရောက်ဖို့အတွက်မှာ အချိန်ခက်တဲ့အတွက် တက်ရောက်နိုင်ဖို့ နည်းနည်းအခက်အခဲရှိတယ်လို့ ပြောပါတယ်။ အဲဒီအတွက် observer တွေ စုံစုံညီညီ တက်ရောက်နိုင်မဲ့အချိန်ကို ကျနော်တို့ အစည်းဝေးရက်ကို ရွှေ့ဆိုင်းဖို့ဆိုတဲ့ အချက်ပါပဲခင်ဗျ။”
ဆွေးနွေးပွဲရက်ကို ရွှေ့ဆိုင်းလိုက်တဲ့အတွက် အစည်းအဝေးကို သင်္ကြန်ပြီးတဲ့နောက်ပိုင်းမှာမှ ပြန်စနိုင်မည့် အခြေအနေရှိနေပြီး ဆွေးနွေးမဲ့ရက်ကိုတော့ နှစ်ဘက်အဖွဲ့အစည်းတွေ ပြန်လည်ညှိနှိုင်းရမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ဆွေးနွေးပွဲကို စောင့်ကြည့်လေ့လာကြမဲ့ နိုင်ငံတကာက အဖွဲ့အစည်းတွေကို KIO ဘက်က ဖိတ်ကြားတာဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်း၊ အမေရိကန်နိုင်ငံ၊ ဥရောပနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို ဖိတ်ကြားထားတာဖြစ်တယ်လို့ ပြောပါတယ်။
နှစ်ဘက်အဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ၊ တွေ့ဆုံမှုတွေဟာ ဆက်လက် လုပ်ဆောင် ရမှာဖြစ်ပြီး ဆွေးနွေးမှုလုပ်ဆောင်ရင်းနဲ့ တဖွဲ့နဲ့တဖွဲ့ ယုံကြည်မှုတွေရှိလာပြီး အခက်အခဲတွေကို စားပွဲဝိုင်းမှာ ဖြေရှင်းရင်းနဲ့ ပဋိပက္ခတွေကို လျော့ချနိုင်အောင် လုပ်ဆောင်ရမှာဖြစ်တယ်လို့ ဦးလှမောင်ရွှေက ပြောတဲ့အကြောင်း ရေဒီယိုသြစတြေးလျသတင်းထောက် မြတ်မိုးကသတင်း ပေးပို့ခဲ့တာ ဖြစ်ပါတယ်။
No comments:
Post a Comment