Friday, April 5, 2013

အစိုးရငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော်မတီ နှင့် SSPP လားရှိုးမြို့၌ တွေ့ဆုံ

သျှမ်းသံတော်ဆင့်

အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး ကိုယ်စားလှယ် မှ အစိုးရဝန်ကြီး တချို့နှင့် သျှမ်းပြည်တပ်မတော် ကိုယ်စားလှယ် တို့ ယမန်နေ့က လားရှိုးမြို့၌ တွေ့ဆုံဆွေးနွေး ကြသည်။

“လျှပ်စစ်မီးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးက ပြောတယ်။ ‘အစက ဦးအောင်မင်း ကိုယ်တိုင် လာမလို့ပါဘဲ။ သူ မအားလို့ကျနော်လာတယ်။ ကျနော်လဲ သမ္မတ ညွှန်ကြားချက်အရလာတယ်။ အဓိက က တော့ ဖြစ်နေတဲ့ တိုက်ပွဲ မကျယ်ပြန့်ဖို့ ခင်ဗျားတို့ဘက်ကလဲ ထိန်းထိန်းသိမ်းသိမ်း လုပ်သွားဖို့ မေတ္တာရပ်ခံ ချင်တယ်’ တဲ့ ” - ဟု လားရှိုးရောက် SSPP/SSA အရာရှိ တဦးကပြောပြသည်။

အဆိုပါတွေ့ဆုံမှုတွင် သျှမ်းပြည်တပ်မတော် SSPP/SSA ပြန်လည်အပစ်ရပ်စဉ်က ရောက်ရာအရပ် နေထိုင် သွားလာနိုင်ရင် သွား ရန်သဘောတူထားကြောင်း၊ ဖြစ်ပွားခဲ့သောတိုက်ပွဲများအရ အစိုးရဘက်က လမ်းတံတား လုံခြုံရေးအတွက်ဟုဆိုကာ သျှမ်းပြည် တပ်မတော်အား ရန်ရှာတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲကြောင့် ကျေးလက် လူထုလည်း မြို့ပေါ်သို့ ထွက်ပြေးတိမ်း ရှောင်နေကြောင်း သျှမ်းပြည်တပ်မတော် ပြောခွင့်ရ ဗိုလ်မှူး စိုင်းလ က ပြောသည်။

ပြီးခဲ့သည့် မတ်ခ်ျ ၂၆ ရက်က တန့်ယန်း - မိုင်းရှူးကားလမ်း အရှေ့ဘက်၊ သံလွင်မြစ်အနောက်ခြမ်း နယ်မြေအတွင်း အခြေချ သျှမ်းတပ်များ လွယ်ခေါက်၊ လွယ်စေး (တောင်) စခန်းများမှ ဆုတ်ခွာပေးရန် အရှေ့မြောက် ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက တောင်းဆိုခဲ့သည်။

“ရမခ တိုင်းဧရိယာ ထဲပါဝင်တယ်ဆိုတဲ့ လွယ်စေး လွယ်ခေါက်ဒေသက ကျနော်တို့ စခန်းတွေကို ရမခ တိုင်းမှူးက ဆုတ်ခိုင်းတယ်။ ပြီးခဲ့အပတ်တိုက်ပွဲတုန်းကလဲ လမ်းလုံခြုံရေးအကြောင်းပြပြီး ကျနော် တို့ကို လာတိုက်တယ်။ ကျနော်တို့ တပ်စခန်းက ကားလမ်း မပြောနဲ့ လှည်းလမ်းတောင်မပေါက်ဘူး။ ကျနော် တို့ မွေးရပ်မြေလေ။ မဆုတ်ပေးနိုင်ဘူး။ လာရင်တော့ တိုက်ပွဲထပ်ဖြစ်ဦးမှာဘဲ။ အဲဒီကိစ္စ ကျနော်တို့ တင်ပြ တယ်။ သူတို့လဲ အထက်ကိုပြန်လည်တင်ပြမယ်ပြောတယ်။ ကျနော်တို့လဲ မြို့ထဲဝင်ရင် သေနတ်မပါ သလို အစိုးရတပ်လဲပဲ ကျနော်တို့တပ်စခန်းနားဖြတ်သန်းသွားလာဖို့လိုရင် ၇ ရက်ကြို သတင်းပေးပို့ရမယ်။ ဒါတွေ ကို တင်ပြခဲ့ တယ်၊ ဦးခင်မောင်စိုးတို့ကလည်း အထက်ကိုပြန်လည်တင်ပြပါ့မယ်လို့ပြောသွားတယ်” - ဟု ဆို သည်။

အဆိုပါ လားရှိုးတွေ့ဆုံပွဲတွင် အစိုးရကိုယ်စားလှယ်ဘက်များဖြစ်ကြသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မတီ ဝင် လျှပ်စစ်မီးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် တို့ဖြစ်သည်။ သျှမ်းပြည်တိုးတက်ရေးပါတီ ကိုယ်စားလှယ်အဖွဲ့မှာမူ အထွေအထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်ဆိုင်၊ ဗိုလ်မှူးခေးမောဝ်၊ ဗိုလ်ကြီး နော်လိတ် တို့ ပါဝင်သည်။

No comments: