Tuesday, April 9, 2013

ရွှေလီမြစ်ဝှမ်း RCSS/SSA ထိန်းချုပ်ရာဒေသ၌ ပထမဆုံးအကြိမ်မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီး .

သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ရွှေလီမြစ်တဘက်ကမ်းရှိ RCSS/SSA သျှမ်းပြည်တပ်မတော်ထိန်းချုပ်ရာ အမှတ် ၇၀၁ စစ်ဒေသဌာနချုပ်တွင် ယမန်နေ့ မွန်းလွဲပိုင်းက ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအား အများပြည် သူလူထုရှေ့တွင် မီးရှို့ဖျက်ဆီးလိုက်ကြောင်း သတင်းရရှိသည်။

“ကျနော်တို့ ၂၀၁၂ - ၂၀၁၃ မှာ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတချို့ကို အခုနှစ်ဆန်းက တရုတ် အာဏာပိုင်ထံ လွှဲအပ် တယ်၊ အဲဒီမှာဘာတွေပါလဲဆိုတော့ ယာဘစိတ်ကြွ ဆေးပြား ၁ သိန်း ၃ သောင်းကျော်၊ ဘိန်းမဲ ၆ ပိဿာခွဲ နဲ့ ဘိန်း ဖြူ တချို့ပေါ့။ မနေ့က မွန်းလွဲ ၂ နာရီမှာ မီးရှို့ဖျက်ဆီးလိုက်တာက ဘိန်းဖြူ ၁ ပုလင်း ၊ ယာဘစိတ်ကြွ ဆေးပြား (၅၅,၁၇၁) ပြားနဲ့ ဘိန်းမဲ ၆ ပိဿာခွဲ ” ဟု ၇၀၁ တပ်ရင်းမှ အရာရှိတစ်ဦးကပြောပါသည်။

အဆိုပါအခမ်းအနားတွင် အမှတ် ၇၀၁ စစ်ဒေသမှ အရာရှိက မိန့်ခွန်းပြောကြားရာ မူးယစ်ဆေးတိုက်ဖျက်ရေးတွင် ပြည်သူ လူထုမှ ပူးပေါင်း လက်တွဲကြရန်တိုက်တွန်းပြောကြားသွားခဲ့သည်။

“မူးယစ်ဆေးဟာ ကျနော်တို့ကို နေ့စဉ် ဒုက္ခပေးနေတဲ့ အရာဖြစ်ပါတယ်၊ မူးယစ်ဆေးဟာ တခြားသော လက်နက် ကြီးတွေထက် ကြောက်စရာကောင်းတဲ့ အရာဖြစ်တယ်။ သျှမ်းပြည်သူအားလုံးကလဲကျနော်တို့ နဲ့လက်တွဲပြီး မူး ယစ်ဆေးဝါး တိုက်ဖျက်ကြပါရန် တိုက်တွန်းဖိတ်ခေါ်အပ်ပါတယ် ”
ထို့ပြင် RCSS/SSA သျှမ်းပြည်တပ်မတော် အမှတ် ၇၀၁ စစ်ဒေသ ထိန်းချုပ်နယ်မြေတွင်လည်း မူးယစ်ဆေး စွဲသော လူငယ်များ၏ အကျင့်စာရိတ္တပြုပြင်ရေးစခန်းကိုလည်း ခုဆောက်လုပ်နေဆဲဖြစ်ကြောင်း၊ ဆောက် လုပ်ပြီးပါက ဆေးစွဲသူများအား စတင်ဆေးဖြတ်ပေးမည်ဖြစ်ကြောင်း၊ တဖက်တွင်လည်း မူးယစ်ဆေးဝါးကို အဓိကရန်သူအဖြစ် ရှေ့ဆက် ဆက်လက် တိုက်ဖျက်သွားမည်ဖြစ် ကြောင်း၎င်းက ဆိုသည်။

မူးယစ်ဆေးဝါးမီးရှို့ပွဲသို့ မူစယ် ၊ နမ့်ခမ်း၊ ပန်ဆိုင်း မြို့များမှ နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်များ၊သျှမ်းစာ/ယဉ်မှ တာဝန်ရှိသူများနှင့် ဒေသခံလူထု နှစ်ရာကျော် တက်ရောက် အားပေးကြသည်ဟု နမ့်ခမ်းဒေသခံ လုံးစိုင်းယီကပြောသည်။

ယမန်နေ့က မီးရှို့ဖျက်ဆီးလိုက်သောမူးယစ်ဆေးဝါးများနှင့် ယမန်နှစ် ဒီဇင်ဘာလက တရုတ်အာဏာပိုင်ထံ အပ်နှံလိုက်သော မူးယစ်ဆေးဝါးများသည် RCSS/SSA သျှမ်းပြည်တပ်မတော် လှုပ်ရှားရာ နမ့်ခမ်း၊ မူစယ်၊ ပန်ဆိုင်း မြို့နယ်များမှ ဖမ်းဆီးရရှိသော မူးယစ်ဆေးဝါးများဖြစ်ကြောင်းသိရှိ ရသည်။

No comments: