နိရဉ္စရာ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ပညာရေး ကောလိပ်တွင် ၂၀၀၈ ခုနှစ်က ဆရာ (၆) ဦး အရေးယူခံခဲ့ရသော အမူ တစ်ခုအား လွှတ်တော် ကိုယ်စားလှယ် ကော်မီတီ အဖွဲ့တစ်ခုမှ လာရောက် စစ်ဆေးနေသည်ဟု သတင်း ရရှိသည်။
“ စစ်ဆေးနေတာ (၃) ရက်ခန့်ရှိပြီ ဖြစ်ပါတယ်။ အမူနဲ့ ဆက်စပ်သူ လူပေါင်း ၁၅ ဦးခန့်ကို စစ်ဆေးမေးမြန်းခဲ့ပြီဖြစ်တယ်။ မနက်ဖြန်မှာတော့ စစ်ဆေးမူ ပြီးစီးမယ်လို့ ထင်ပါတယ်” ဟု စစ်ဆေးရာတွင် ပါဝင်သူ ကျောက်တော်မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစောငြိမ်းက ပြောသည်။
၎င်းအမူ အတွင်း ဆရာ (၆) ဦး အရေးယူခံခဲ့ရပြီး မကျေနပ်သူ ဆရာ တစ်ဦးမှ နိုင်ငံသား တစ်ဦး၏ ရသင့် ရထိုက်သည့် အခွင့်အရေး ဆုံးရှုံးသည်ဟု ဆိုကာ တိုင်ကြားသဖြင့် ယခုလို လာာရောက် စစ်ဆေးရခြင်း ဖြစ်သည်ဟု သူက ဆိုသည်။
“ ဖြစ်တာက ၂၀၀၈ ခုနှစ် ဖြစ်ခဲ့တဲ့ အမူဖြစ်ပါတယ်။ အဲဒီအမူမှာ ဆရာ (၂) ဦးက အလုပ်ဖြုတ်ခံရတယ်။ ၂ ဦးက ပင်စင် ပေးခံရတယ်။ ၂ ဦးက ရွှေ့ပြောင်းခံရတယ်။ အဲသလို အရေးယူခံရတာကို မကျေနပ်တဲ့ ဆရာ ဦးတင်ထွန်းက အမျိုးသားလွှတ်တော်ထိ တက်ရောက် တိုင်ကြားရာကနေ အခု ကျွန်တော်တို့ လာရောက် စစ်ဆေးရတဲ့ အထိ ဖြစ်လာရတာပါ” ဟု ဆိုသည်။
၂၀၀၈ ခုနှစ်က ကျောက်ဖြူမြို့ ပညာရေး ကောလိပ်တွင် ကျောင်းသားများ ၀င်ခွင့်ရရန် အတွက် ဆရာများကို လာဘ်ထိုးရသည်ဆိုသော တိုင်ကြားမူများ ပေါ်ပေါက်ပြီးနောက် အထက်အာဏာပိုင်များက လာရောက်စစ်ဆေးပြီး ဆရာ အချို့ကို အရေးယူခဲ့သည်ဟု ဆိုသည်။
ထိုစဉ်က ကျောက်ဖြူ ပညာရေး ကောလိပ်တွင် တာဝန် ကျနေသော ဆရာ ဦးတင်ထွန်းမှာ တစ်စုံတစ်ရာ အမူနှင့် ပတ်သက်မူ မရှိဘဲ ရာထူးတိုးကာ တခြားကျောင်းကို ပြောင်းရွှေ့သွားပြီးမှ ၎င်းအမူနှင့် ဆက်စပ်သည်ဟု ဆိုကာ နောက်ပိုင်းတွင် ချက်ချင်း ရာထူးမှ ချကာ အလုပ် ဖြုတ်ခံခဲ့ရသည်ဟု သိရသည်။
၎င်းအပေါ် မကျေနပ်သော ဆရာ ဦးတင်ထွန်းမှ အမျိုးသား လွှတ်တော် ပြည်သူများတိုင်စာနှင့် အသနားခံစာကော်မီ သို့ တိုင်ကြားရာ အမျိုးသားလွှတ်တော်မှ ရခိုင်ပြည်နယ် လွှတ်တော်ကို တာဝန် ပေးသဖြင့် ယခုကဲ့သို့ (၅) ဦးပါ ရခိုင်လွှတ်တော် ကော်မီတီက လာရောက် စစ်ဆေးနေခြင်း ဖြစ်ကြောင်း သိရသည်။
စစ်ဆေးတွေ့ရှိချက်များကို အမျိုးသား လွှတ်တော် ပြည်သူများ တိုင်ကြားစာနှင့် အသနားခံစာ ကော်မီတီသို့ ပေးပို့သွားရမည်ဟု ဦးစောငြိမ်းက ပြောသည်။
No comments:
Post a Comment