ကေဇင်ဦး
“သယံဇာတတူးဖော်ခြင်း လုပ်ငန်းများကို တိုင်းရင်းသားများက ကိုယ်တိုင်စီမံပိုင်ခွင့်” ဆိုသည့် အချက်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ထည့်သွင်းနိုင်ခြင်း မရှိသေးပါက ကယားပြည်နယ် (ကရင်နီပြည်နယ်) အတွင်းရှိ သတ္တုတူးဖော်ခြင်း လုပ်ငန်းများ ရပ်ဆိုင်းထားပေးရန်နှင့် မည်သည့် စီမံကိန်းများကိုမဆို တိုင်းရင်းသားများ၏ သဘောတူညီ ချက်မပါဝင်ဘဲ အကောင်အထည်မဖော်ရန် လူမှုအဖွဲ့အစည်းနှစ်ခုက သဘောထားကြေညာချက် ထုတ်ပြန်လိုက် သည်။
ယင်းသို့ သဘောထားကြေညာချက် ထုတ်ပြန်လိုက်ခြင်းမှာ အောက်တိုဘာ ၃ ရက်ကဖြစ်ပြီး မိုလိုအမျိုးသမီး သတ္တုတွင်း စောင့်ကြည့်ရေးကွန်ရက်(Molo Women Mining Watch Network) နှင့် ကရင်နီ လူမှုအခြေပြု အဖွဲ့အစည်းကွန်ရက် (Karenni Civil Society Network) တို့က ပူးတွဲထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့ အပစ်အခတ် ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးပြီးနောက်ပိုင်း ကယားပြည်နယ်အတွင်း သတ္တုတူးဖော်ရေးလုပ်ငန်းများ အကောင်အထည်ဖော်မှု များပြားလာပြီး ဒေသခံတို့၏ စိုက်ပျိုးမြေများ ဆုံးရှုံးမှု များပြားလာသဖြင့် ထိုသို့ ထုတ်ပြန် ရခြင်းဖြစ်သည်ဟု မိုလိုအမျိုးသမီးသတ္တုတွင်း စောင့်ကြည့်ရေးကွန်ရက်၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်နမ်းခမ်းလျာက မဇ္ဈိမကို ပြောသည်။
ဒေါ်နမ်းခမ်းလျာက “သက်ဆိုင်ရာ တိုင်းရင်းသားတွေကိုယ်တိုင် ကိုယ့်သဘာဝရင်းမြစ်ကို စီမံပိုင်ခွင့်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာမှာ ထည့်သွင်းပြင်ဆင်ပြီးမှ သတ္တုတူးဖော်တဲ့ လုပ်ငန်းတွေ လုပ်ဖို့ တောင်းဆိုပါတယ်” ဟု ပြောသည်။
ကယားပြည်နယ်အတွင်း ယခင်က သတ္တုတူးဖော်ခြင်း စီမံကိန်းသုံးခုသာ ရှိရာမှ အစိုးရနှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီတို့ ငြိမ်းချမ်းရေး သဘောတူညီမှု လက်မှတ်ရေးထိုးပြီးသည့် ၂၀၁၂ နောက်ပိုင်းတွင် သတ္တုလုပ်ငန်း ၁၆ ခုထိ တိုးလာသည်ဟု ထုတ်ပြန်ချက်တွင် ပါဝင်သည်။
ကယားပြည်နယ်နှင့် မော်ချီးမြို့တို့တွင် ခဲမဖြူ၊ အဖြိုက်နက်၊ ခနောက်စိမ်း၊ ကျော်မီးသွေး၊ ကလီနာနှင့် ရွှေသတ္တု များကို တူးဖော်လျက်ရှိပြီး မော်ချီးဒေသ၏ အပြင်ဘက်ရှိ မြေဧကပေါင်း သုံးထောင်ကျော်ပေါ်တွင် သတ္တုတွင်းအသစ် ၁၆ ခု တူးဖော်ရန် စီစဉ်လျက်ရှိသည်ဟု ယင်းထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။
ယင်းသတ္တုတူးဖော်ရေး လုပ်ငန်းများအတွက် မြေယာများ သိမ်းဆည်းခံရမှုကြောင့် ကျေးရွာများ ရွှေ့ပြောင်းခံရမှုနှင့် သဘာပတ်ဝန်းကျင် ပျက်စီးမှုများကြောင့် ဒေသခံတို့၏ စိုက်ပျိုးမြေများ၊ တောတောင်များ၊ မြစ်ချောင်းများ၊ကျေးရွာများ ပျက်စီးဆုံးရှုံးရသည်ဟုလည်း ဒေါ်နမ်းခမ်းလျာက ပြောသည်။
ယခင်ကာလများက ထိုသို့ ကန့်ကွက်မှုများရှိခဲ့သော်လည်း သတ္တုတူးဖော်ရန် အကောင်အထည်ဖော်ခြင်း လုပ်ငန်းများ မှာ ဆက်လက် ဆောင်ရွက်လျက်ရှိပြီး ယခုအကြိမ်တွင် သမ္မတနှင့် အစိုးရအဖွဲ့ အသီးသီးအပြင် ကုမ္ပဏီများသို့ပါ ယင်းထုတ်ပြန်ချက်များ ပေးပို့သွားမည်ဟုလည်း ဒေါ်နမ်းခမ်းလျာက ပြောသည်။
No comments:
Post a Comment