Thursday, October 3, 2013

လက်ပံတောင်း သိမ်းဆည်းမြေ လျော်ကြေးထုတ်ဖို့ သတ်မှတ်ရက်တိုးပြီ

ABC

လက်ပံတောင်းတောင် ​ဒေသက ​သိမ်းဆည်းထားတဲ့ ​မြေယာလျော်ကြေးတွေကို ​စက်တင်ဘာလ ​၃၀ ​နောက်ဆုံးထား ​ထုတ်ယူဖို့ ​သက်ဆိုင်ရာက ​ကြေညာခဲ့ပေမယ့် ​သတ်မှတ်ရက်ထက် ​နောက်ဆုတ်ပေးမှာဖြစ်ပြီး ​စီမံကိန်းနဲ့ ​လွတ်ကင်းတဲ့ ​နေရာတွေမှာ ​တစ်နှစ်တစ်ရာသီစာ ​စိုက်ပျိုးခွင့် ​ပေးမယ်လို့ ​လက်ပံတောင်းတောင် ​ဒေသခံတွေက ​ပြောပါတယ်။

အစပိုင်းမှာတော့ ​လျော်ကြေးငွေကို ​သတ်မှတ်ချိန်အထိ ​မထုတ်ယူရင် ​အဲဒီငွေတွေကို ​ဒေသဖွံ့ဖြိုးရေးအတွက် ​အသုံးပြုမယ်လို့ ​ပြောခဲ့ပြီးနောက် ​ခုအခါမှာ ​သတ် ​မှတ် ​ရက် ​ကို ​နောက် ​ဆုတ် ​ပေး ​လိုက်တယ်လို့ ​သိရပေမယ့် ​ဘယ်အချိန်ထိ ​နောက်ဆုံး ​ပေးတယ် ​ဆိုတာကိုတော့ ​မသိရသေးပါဘူး။

လက် ​ပံ ​တောင်း ​တောင် ​ဒေသတွင်းက ​ဒေသခံ ​အချို့က ​ရက်နောက်ဆုတ်ပေးဖို့ ​တောင်းဆို ​ခဲ့တဲ့အတွက် ​နောက် ​ဆုတ် ​ပေးလိုက်တာ ​ဖြစ်တယ်လို့ ​တုံကျေးရွာ ​ဒေသခံ ​ကိုမင်းမင်းက ​ပြောပါတယ်။

“ဒေသခံတောင်သူ ​၇ ​ဦးကနေပြီးတော့ ​ရက်နောက်ဆုတ်ပေးပါလို့ ​မေတ္တာရပ်ခံထားတဲ့အတွက် ​နောက်ဆုတ်ပေးမယ်။ ​ရက်အတိ ​အကျတော့ ​ဘယ်လောက် ​နောက်ဆုတ်ပေးမယ်ဆိုတာတော့ ​မသိသေးဘူးလို့ ​သူတို့အနေနဲ့ ​ပြောခဲ့တယ်။ ​သူတို့အနေနဲ့ ​ဒီ ​တစ်နှစ်တစ်ရာသီ ​အနေနဲ့ ​လွတ်ကင်းတဲ့ ​နေရာတွေကိုတော့ ​စိုက်ပျိုးတာ၊ ​စိုက်ပျိုးပြီးသား ​သီးနှံတွေ၊ ​စိုက်ပျိုးနေတဲ့ ​လူတွေကို ​အနှောက်အယှက် ​မပေးဘူး။ ​ခိုက်ရန် ​ဒေါသ ​မဖြစ်ဘူးလို့ ​ပြောတယ်ခင်ဗျ”

လက်ပံတောင်းတောင် ​ကြေးနီစီမံကိန်း ​တာဝန်ရှိသူတွေက ​လိုက်လျောမှုတွေ ​လုပ်လာပေမယ့် ​ရွာသားတွေက ​လက်မခံပဲ ​သူတို့ပိုင်မြေမှာ ​ရာသက်ပန်လုပ်စားဖို့သာ ​လိုလားကြောင်း ​ကိုမင်းမင်းက ​ဆက်ပြောပါတယ်။

“ကျွန်တော်တို့ ​ဒေသခံတွေကတော့ ​ဒီလျော်ကြေးကိုလည်း ​မထုတ်ယူဘူး။ ​တစ်နှစ်တစ်ရာသီမဟုတ်ဘဲနဲ့ ​ကျွန်တော်တို့ကဖြင့် ​လျော်ကြေးငွေကို ​ရာသက်ပန် ​မထုတ်ဘဲနဲ့ ​ရာသက်ပန် ​လုပ်ကိုင်စားသောက်ချင်တယ်လို့ ​ကျွန်တော်တို့တင်ပြခဲ့တယ်။ ​အဲဒီ ​ကိစ္စ ​အပေါ်ကိုတော့ ​သူတို့အနေနဲ့ ​အထက်ကိုထပ်ဆင့် ​တင်ပြပေးမယ်လို့ဘဲ ​ပြန်ပြောခဲ့တယ်ခင်ဗျ။”

လျော်ကြေးငွေ ​ထုတ်ယူနိုင်ဖို့အတွက် ​သတ်မှတ်ထားတဲ့ ​ရက်နောက်ဆုတ်ဖို့ကိစ္စကို ​ဒေသခံတွေ ​တောင်းဆိုတာ ​မဟုတ်ပဲ ​လုပ်ကြံဖန်တီးတာ ​ဖြစ်တယ်လို့လည်း ​လက်ပံတောင်းတောင် ​အရေး ​တက်ကြွလှုပ်ရှားသူ ​ကိုဟန်ဝင်းအောင်က ​ပြောပါတယ်။

လက်ပံတောင်းတောင် ​ကြေးနီစီမံကိန်း ​ပြန်လည် ​စတင်ပြီဖြစ်ကြောင်း ​တရားဝင်ကြေညာတာတွေ ​မရှိပေမယ့် ​အဆောက်အဦးတည်ဆောက်တာတွေ ​လုပ်ကွက်အတွင်း ​လမ်းပြင်တာတွေစတဲ့ ​အခြေခံ ​လုပ်ငန်းတွေတော့ ​ပြုလုပ်နေကြကြောင်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​စူးရှက ​သတင်းပေးပို့ခဲ့ပါတယ်။

No comments: