ကေဇင်ဦး
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်တွင် အသက်၇၀နှင့်အထက် သက်ကြီးရွယ်အိုများအတွက် နေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာကို အောက်တိုဘာလကုန်တွင် ဖွင့်လှစ်သွားမည်ဖြစ်ရာ ယင်းဂေဟာတွင် လာရောက် လျှောက်ထားသည့် ဦးရေ၏ ထက်ဝက်ခန့်သာ လက်ခံနိုင်မည်ဖြစ်သည်ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီးတိုင်း ဦးစီးမှူးဦးတင်ဇော်မိုးက အောက်တို ဘာ ၁ ရက်တွင် ပြောကြားလိုက်သည်။
အဆိုပါ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာကို အောက်တိုဘာလကုန်မှ ဖွင့်လှစ်မည် ဖြစ်သော်လည်း မဖွင့်မီ
လျောက်လွှာ အရေအတွက် နှစ်ရာကျော်ရောက်ရှိသော်လည်း လူဦးရေတစ်ရာအောက်သာ လက်ခံနိုင်မည်ဟု ဦးတင်ဇော်မိုးက ပြောခြင်းဖြစ်သည်။
၎င်းက ယင်းသို့ပြောကြားခြင်းမှာ ရန်ကုန် မြို့ အပြည်ပြည်ဆိုင်ရာ မြန်မာ့စီးပွားရေး ဗဟိုခန်းမတွင်ပြုလုပ်သော “အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့” တွင် သတင်းထောက်များ၏ မေးမြန်းမှုကို ထိုသို့ ပြန်လည် ဖြေကြားခဲ့
ခြင်းဖြစ်သည်။
ဦးတင်ဇော်မိုးက “အောက်တိုဘာလကုန်မှာ ဖွင့်မှာဖြစ်ပါတယ်။ လျှောက်လွှာတွေက ဇူလိုင်လလောက်ကပဲ စရောက်တာ အခုထိနှစ်ရာကျော်ပြီ။ ဒီအထဲကမှ တစ်ယောက်ချင်းကို အင်တာဗျူးလုပ်ပြီး လက်ခံမယ် အဆောက်အအုံ အကျယ်အ၀န်းကိုကြည့်ပြီး တစ်ရာအောက်ကိုပဲ လက်ခံနိုင်တာပါ” ဟု မဇ္ဈိမသို့ပြောသည်။
နေ့ပိုင်း စောင့်ရှောက်ရေးဂေဟာကို မနက်ကိုးနာရီမှ ညနေငါးနာရီကြားတွင်သာ ဖွင့်လှစ်မည်ဖြစ်ပြီး စင်တာတွင် သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေးစောင့်ရှောက်မှုအတွက် သူနာပြုများ အချိန်ပြည့်ထား ရှိပေးမည်ဖြစ်ပြီး ဆရာဝန်များက အလှည့်ကျလာရောက် ကြည့်ရှုမည်ဟုလည်း ဦးတင်ဇော်မိုးကပြောသည်။
“အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုတွေ ပြုလုပ်ပေးဖို့ စီစဉ်ထားပါတယ်။ ကိုယ်ရေးရာဇ၀င်အကျဉ်းနဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးကိုဖြစ်ဖြစ်၊ စင်တာကိုပဲတိုက်ရိုက်ဖြစ်ဖြစ် လျှောက်လွှာတင်နိုင်ပါတယ်” ဟု ဦးတင်ဇော်မိုးကပြောသည်။
နေ့ပိုင်း သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာကို ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း အမှတ် ၆၄ ရှိ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပိုင်အဆောက်အအုံကို ပြန်လည်မွမ်းမံကာ ဖွင့်လှစ် သွားမည်ဖြစ်သည်။
ယင်းဂေဟာတွင် တီဗွီ၊ အင်တာနက်၊ ကိုယ်ကာယလေ့ကျင့်မှု ကိရိယာများ၊ စာဖတ်ခန်း၊ ဘုရားခန်းနှင့် ဆေးကုခန်း များ ထားရှိပေးမည်ဟုလည်း ဦးတင်ဇော်မိုးကပြောသည်။
နေ့ပိုင်းသက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာကို ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ် ဖွင့်လှစ်ခြင်းဖြစ်သည်။ ရန်ကုန်မြို့တွင် သက်ကြီးရွယ်အိုများ အလွန်များပြားလျက်ရှိသည်ဟုလည်း ဆည်းဆာရိပ်ဘိုးဘွား ရိပ်သာမှ ဆရာမဒေါ်သန်းမြင့်အောင်က မှတ်ချက်ပြုသည်။
၎င်းက “ဘိုးဘွားရိပ်သာတွေကို လာရောက်နိုင်ဖို့ အထောက်အထားမခိုင်လုံတဲ့ သက်ကြီးရွယ်အိုတွေ၊ သူတို့ ကိုယ်တိုင် ဆန္ဒမရှိတဲ့ သက်ကြီးရွယ်အိုတွေ အများကြီးရှိပါတယ်။ သူတို့တွေအတွက် နေ့ပိုင်း စောင့်ရှောက်ရေးဂေဟာတွေပေါ်လာတော့ အကောင်းဆုံးပေါ့” ဟုဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် အသက် ၉၅ နှင့် အထက်ရှိ သက်ကြီးရွယ်အိုအရေအတွက် ၂၇၀ ကျော်ရှိသည်ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာ၏စာရင်းများအရ သိရသည်။
ရန်ကုန်တိုင်းတွင် သက်ကြီးရွယ်အိုများပြားသဖြင့် အသက် ၉၅ နှင့် အထက်ဘိုးဘွားများကိုသာ ထောက်ပံ့ငွေပေးအပ်နိုင် ရန်ကုန်တိုင်းတွင် သက်ကြီးရွယ်အိုအရေအတွက် များပြားသဖြင့် အပြည်ပြည်ဆိုင်ရာသက် ကြီးရွယ်အိုများနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ၉၅ နှစ်နှင့်အထက်ရှိ သက်ကြီးရွယ်အိုများကိုသာ ထောက်ပံ့ငွေများပေးအပ်နိုင်သည်ဟုလည်း ဦးတင်ဇော်မိုးက မဇ္ဈိမသို့ပြောသည်။
“ပထမအသက် ရှစ်ဆယ်နဲ့အထက်ကို စရင်းကောက်တဲ့အခါ အလွန်များနေတယ်။ ၉၀ နဲ့အထက်ကို ကောက်တဲ့အခါ လည်းများနေသေးတယ်။ ဒါကြောင့် အသက် ၉၅ နဲ့အထက်ကို စာရင်းပြုစုပြီး ထောက်ပံ့ငွေပေးအပ်တာဖြစ်ပါတယ်။ ကျွန်တော်တို့တတ်နိုင်တဲ့ ပမာဏနဲ့ချိန်ဆပြီးလုပ်ရတာပါ” ဟု ဦးတင်ဇော်မိုး က ပြောသည်။
သက်ကြီးရွယ်အိုများ များပြားလာခြင်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေက “သက်ကြီး ရွယ်အိုပမာဏဟာ မြန်မာနိုင်ငံတ၀န်းလုံးက ဘိုးဘွားရိပ်သာ ၆၁ ခုမှာဆိုရင် လူဦးရေ ၂၅၀၀ ကျော်ရှိပါပြီ” ဟု ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ မြန်မာ့စီးပွားရေးဗဟိုခန်းမတွင် ပြုလုပ်သော အပြည် ပြည်ဆိုင်ရာ သက်ကြီးရွယ်အို များနေ့ နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးမှ ဘိုးဘွား၂၉၀ ဦးတက်ရောက်ခဲ့သည်။
ယင်းအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘိုးဘွားရိပ်သာ ၁၄ ခုကို တစ်သိန်းခွဲကျပ်နှင့် ဘိုးဘွားတစ်ဦး လျှင် နှစ်သောင်းကျပ်စီရန် ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ၀န်ကြီးဌာနတို့ ပူးပေါင်းထောက်ပံ့ပေးအပ်ခဲ့သည်။
လက်ရှိ ကမ္ဘာ့လူဦးရေသန်း ၇၀၀၀ ကျော်တွင် အသက် ၆၀ နှင့်အထက်သက်ကြီးရွယ်အိုဦးရေမှာ သန်း ၇၀၀ ကျော်ရှိ ပြီး ၂၀၂၅ ခုနှစ်တွင် ယခုထက်နှစ်ဆဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် သက်ကြီးရွယ်အို ဦးရေသန်း ၂ ဘီလီယံထိ ရှိလာမည် ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်။
No comments:
Post a Comment