Tuesday, October 8, 2013

သံတွဲတွင် ဖမ်းဆီးမှုများမှာ တရားဥပဒေ စိုးမိုးရေးအတွက် ပြုလုပ်ခြင်းဖြစ်ဟု ဆို

ကေဇင်ဦး

ဖမ်းဆီးထားသူဦးရေ ၄၀ ကျော်ပြီဖြစ်

သံတွဲပဋိပက္ခနှင့်စပ်လျဉ်းပြီး ဖမ်းဆီးထားမှုများမှာ တရားဥပဒေစိုးမိုးရေးအတွက် ပြုလုပ်ခြင်းဖြစ်သည်ဟု သံတွဲခရိုင် အုပ်ချုပ်ရေးမှူးက ပြောဆိုလိုက်ပြီး အပြစ်မရှိသူများဖြစ်ပါက ပြန်လွှတ်ပေးသွားမည်ဖြစ်သည် ဟုလည်း ၎င်းကအောက်တိုဘာ ၆ ရက်တွင် မဇ္ဈိမကို ပြောသည်။

အဆိုပါ ပဋိပက္ခဖြစ်စဉ်များကြောင့် အမျိုးသား ၄၂ ဦးနှင့် အမျိုးသမီးနှစ်ဦး စုစုပေါင်း ၄၄ ဦးကို သံတွဲမြို့ ရဲစခန်း၌ ထိန်းသိမ်း စစ်ဆေးလျက်ရှိသည်ဟု အောက်တိုဘာ ၆ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

ယင်းသို့ ထိန်းသိမ်းထားခြင်းနှင့် ပတ်သက်ပြီး သံတွဲခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းဝေက “တရားဥပဒေစိုးမိုးမှုအတွက် ဖမ်းသင့်တဲ့သူတွေကိုဖမ်းတာပါ။ အပြစ်မရှိတာမှန်ရင် အားလုံး ပြန်လွှတ်ပေးမှာပါ”ဟု မဇ္ဈိမ ကို ပြောသည်။

သံတွဲမြို့ပဋိပက္ခများနှင့် စပ်လျဉ်း၍ အောက်တိုဘာ ၃ ရက်က စတင်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ ၅ ရက်တွင် ၄၄ ဦးအထိ ရှိလာပြီဖြစ်သည်။

ယင်းသို့ ဖမ်းဆီးထိန်းသိမ်းမှုများ ပြုလုပ်ရာတွင် မြို့ပေါ်နှင့် ကျေးရွာများမှ ရခိုင်တိုင်းရင်းသား အများစုကို အာဏာ ပိုင်များက လိုက်လံဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် ဒေသခံများအနေဖြင့် စိုးရိမ်ထိတ်လန့်မှုများ ဖြစ်နေသည်ဟုလည်း သံတွဲဒေသခံများက အောက်တိုဘာ ၆ ရက်တွင် မဇ္ဈိမကို ပြောသည်။

သံတွဲမြို့အာဏာပိုင်များ၏ ဖမ်းဆီးမှုများနှင့်ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားပါတီများဖြစ်ကြသော ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) နှင့် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ (RNDP) ပါတီတို့က ဥပဒေမဲ့ ဖမ်းဆီးမှုများကို ကန့်ကွက်ကြောင်းနှင့် အပြစ်ရှိသူများကို သေချာစွာ စိစစ်သင့်ကြောင်း အောက်တိုဘာ ၅ ရက်က ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအေးသာအောင်က “ဖြေရှင်းရမယ့်နည်းလမ်းက အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်တဲ့အဖွဲ့တွေကို ဖမ်းရမယ်လို့ အာဏာပိုင်တွေက ထင်နေကြတယ်။ အခုပြဿနာက အာ ဏာပိုင်တွေ လျော့ရဲခဲ့လို့ဖြစ်တာ။ သူတို့မှာပဲ တာဝန်အရှိဆုံးပဲ”ဟု အောက်တိုဘာ ၆ ရက်တွင် မဇ္ဈိမကို ပြောသည်။

ထိုသို့ ဖမ်းဆီးမှုများနှင့် ပတ်သက်ပြီး စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့ အနေဖြင့် သမ္မတထံ ကန့်ကွက်စာပေးပို့သွားမည်ဟုလည်း ယင်းအဖွဲ့၏ ဒု-ဥက္ကဋ္ဌ ဆရာတော် ဦးတေဇိန္ဒကအောက်တိုဘာ ၆ ရက်တွင် မဇ္ဈိမကို ပြောသည်။

နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားချက်အရ သံတွဲမြို့ပဋိပက္ခဖြစ်စဉ်ကြောင့် အောက်တိုဘာ ၄ ရက် အထိ လူနေအဆောက်အအုံ ၁၁၄ လုံး၊ ဘာသာရေးအဆောက်အအုံ သုံးလုံး၊ ဓါတ်ဆီဂိုဒေါင် တစ်လုံးတို့ မီးလောင် ဆုံးရှုံးခဲ့ပြီး လူငါးဦး သေဆုံး၍ ငါးဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

သံတွဲမြို့ပဋိပက္ခဖြစ်စဉ်မှာ စက်တင်ဘာ ၂၈ ရက်က စတင်ခဲ့ခြင်းဖြစ်ပြီး သံတွဲဈေးအနီးရှိ ကမန်တိုင်းရင်းသားပါတီ ဥက္ကဋ္ဌ ဦးကျော်ဇံလှပိုင် ငပလီ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး ဆိုင်ရှေ့တွင် ၉၆၉ အမှတ်တံဆိပ်ပါ ဆိုင်ကယ်ကို ရပ်နားရာ ဦးကျော်ဇံလှက ဆဲဆိုကြိမ်းမောင်းခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ဘာသာမတူသည့် လူမျိုးစု နှစ်စုကြား ပြဿနာများဖြစ်ပွားရာမှ မီးရှို့မှုများ၊ လူသေမှုများလည်း ဖြစ်ပေါ် ခဲ့သည်။ ယင်းဖြစ်စဉ်တွင် ကျူးလွန်သူများကို အမြန်ဆုံးဖမ်းဆီးရန်လည်း နိုင်ငံတော်သမ္မတက ၎င်း၏ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း ညွှန်ကြားထားခဲ့သည်။

No comments: