Tuesday, October 8, 2013

ထိုင်းနိုင်ငံကအလုပ်သမားတွေ အခွင့်အရေးအတွက် ဆန္ဒပြတောင်းဆိုမှုလုပ်ခဲ

ABC

ကမ္ဘာ့အလုပ်သမားများအဖွဲ့ချုပ် ​(ILO) ​ကချမှတ်ထားတဲ့ ​အလုပ်သမားသမဂ္ဂ ​တရားဝင်ဖွဲ့စည်းခွင့်နဲ့ ​အလုပ်ရှင်၊ ​အလုပ်သမားအခွင့်အရေးရရှိရေးဆိုင်ရာ ​သဘောတူညီချက်စာချုပ်ကို ​ထိုင်းနိုင်ငံအစိုးရ ​အနေနဲ့ ​ပါဝင်လက်မှတ်ရေးထိုးပေးဖို့အတွက် ​ထိုင်းနဲ့ ​မြန်မာအလုပ်သမားအဖွဲ့အစည်းတွေက ​အောက်တိုဘာ ​၇ရက်နေ့မှာ ​လမ်းလျောက်ဆန္ဒပြ ​တောင်းဆိုမှုတွေပြုလုပ်ခဲ့ကြပါတယ်။

မနေ့က ​ထိုင်းနိုင်ငံ ​ဘန်ကောက်မြို့မှာ ​ထိုင်းနဲ့ ​မြန်မာအလုပ်သမား ​၁ထောင်ကျော်ဟာ ​ထိုင်းအလုပ်သမားဝန်ကြီးဌာနရုံးရှေ့ကို ​ချီတက်ဆန္ဒပြခဲ့ကြ ​တာဖြစ်ပြီး ​ဆန္ဒပြတောင်းဆိုခဲ့တဲ့ ​အချက် ​၂ချက်နဲ့ ​ပတ်သက်ပြီး ​ဆန္ဒပြရာမှာပါဝင်တဲ့ ​မဦးက ​အခုလိုပြောပါတယ်။

“ILO ​ရဲ့ ​ကွန်ဗင်းရှင်းမှာရှိတဲ့ ​၈၇နဲ့ ​၉၈ကို ​ထိုင်းနိုင်ငံက ​လက်မှတ်မထိုးရသေးတဲ့အတွက် ​အဲဒါကို ​တောင်းဆိုတာ၊ ​အလုပ်သမားတွေမှာ ​လွတ်လွတ်လပ်လပ် ​သမဂ္ဂဖွဲ့စည်းခွင့်ဆိုတာ ​ရှိဖို့လိုတယ်ပေါ့နော်၊ ​တရားဝင်ဖြစ်သွား ​ခဲ့မယ်ဆိုရင် ​ဒီအလုပ်သမား ​သမဂ္ဂတွေဟာ ​အလုပ်ရှင်နဲ့ ​အလုပ်သမားပဋိပက္ခတွေကို ​ကြားဝင်ဖြေရှင်းတဲ့ ​အချိန်မှာ ​အမှုတွေဟာ ​ဆ၀ါဒီကန်တို့ ​တရားရုံးတို့ကို ​ရောက်စရာမလိုပဲနဲ့ ​ညှိနှိုင်းလိုက်ရင် ​ပြေလည်သွားနိုင် ​တယ်ပေါ့နော်၊ ​လောလောဆယ်မှာက ​ထိုင်းနိုင်ငံမှာ ​သမဂ္ဂဖွဲ့ဖို့ဆိုတာ ​တရားဝင်မရှိဘူးဖြစ်နေတယ်။” 

ILO ​ရဲ့ ​ကွန်ဗင်းရှင်းမှာပါတဲ့ ​ဥပဒေပုဒ်မ ​၉၈ကို ​အလုပ်သမားတွေအနေနဲ့ ​ထိုင်းအစိုးရကို ​လက်မှတ်ရေးထိုးဖို့ ​တောင်းဆိုတာနဲ့ ​ပတ်သက်ပြီး ​မဦးက ​ဆက်ပြောပြပါတယ်။

“ပုဒ်မ ​၉၈ကကျတော့ ​ထိုင်းနိုင်ငံမှာ ​လုပ်အားခ ​အပြည့်အ၀မရတဲ့ကိစ္စတွေ၊ ​ဥပဒေကတော့ရှိတယ် ​ဒါပေမဲ့ ​ဥပဒေအတိုင်းမဖြစ်နေတာတွေကိုလည်း ​အစိုးရကသိတယ်၊ ​အချို့ကျတော့ ​လုပ်ငန်းရှင်တွေက ​work ​permit ​မပေးဘူး၊ ​စာရွက်စာတမ်းတွေကို ​ထိန်ချန်ထားတာတွေလဲ ​ရှိတယ်၊ ​ဘယ်အမှုတွေပဲတက်တက် ​အများအားဖြင့် ​ဆိုရင် ​အလုပ်သမားတွေကပဲ ​ရှုံးရဖို့အမှုတွေဖြစ်နေတယ်၊ ​အလုပ်ရှင်ဘက်က ​အသာစီးဖြစ်နေတယ်၊ ​အဲတော့ ​အလုပ်ရှင်သော် ​လည်းကောင်း၊ ​ရဲသော်လည်းကောင်း၊ ​လ၀ကသော်လည်းကောင်း ​အစိုးရအာဏာပိုင်တွေက ​ပါဝင်စွက်ဖက်နေတာမျိုးတွေ ​ဖြစ်နေတယ်၊ ​အဲဒါတွေကို ​အစိုးရက ​လစ်လှူရှုနေတယ်၊ ​၉၈ကို ​ဆိုင်းထိုးပေးရင် ​ဒါတွေဟာ ​ဥပဒေအတိုင်း ​အတိအကျဆောင်ရွက်ဖို့ ​အချက်တွေဖြစ်သွားတယ်လေ ​အဲဒါတွေကိုတောင်းဆိုတာ။” 

လမ်းလျောက်ဆန္ဒပြပွဲကို ​ထိုင်းအလုပ်သမားသမဂ္ဂအဖွဲ့တွေက ​ဦးဆောင်ခဲ့တာဖြစ်ပြီး ​ထိုင်းနိုင်ငံတွင်းမှာဖွဲ့စည်းထားတဲ့ ​ မြန်မာအလုပ်သမားအဖွဲ့အစည်းတွေက ​ပူးပေါင်းပါဝင်ခဲ့တာဖြစ် ​တဲ့အကြောင်း ​ရေဒီယို ​သြစတြေးလျ ​သတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ခဲ့တာဖြစ်ပါတယ်။

No comments: