ABC
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းက မြေယာ လျော်ကြေးငွေ မယူထားတဲ့ လယ်မြေတွေပေါ်မှာ ခြံစည်းရိုးခတ်တာတွေမလုပ်ဖို့ ၊ သီးနှံစိုက်ခင်းတွေ မဖျက်ဆီးဖို့ လက်ပံတောင်းဒေသ ကျေးရွာ ၁၃ရွာက ရာနဲ့ချီတဲ့ ဒေသခံတွေက မနေ့တုန်းက ဆန္ဒပြတောင်းဆိုကြတဲ့ပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို အစိုးရက အောက်တိုဘာလမှာ ပြန်လည်စတင်တော့မှာဖြစ် တယ်လို့ ပြောကြားထားပြီးနောက် မြေယာလျော်ကြေးငွေ ထုတ်ယူထားခြင်းမရှိတဲ့ ဆည်တဲရွာနဲ့ မိုးကြိုးပြင်ရွာက လယ်မြေတွေပေါ်မှာ အာဏာပိုင်တွေဘက်က ခြံစည်းရိုးခတ်တာတွေ ပြုလုပ်တဲ့ အတွက် ဆန္ဒပြတာဖြစ်တယ်လို့ ဒေသခံတဦးဖြစ်တဲ့ မစန္ဒာက ပြောပါတယ်။
“တောင်းဆိုချက်က ကျမတို့ဒေသခံတွေက မြေလျော်ကြေးမယူဘူး၊ အဲဒီလျော်ကြေးမယူတဲ့ တောင်သူလယ်သမား တွေရဲ့ လယ်ယာမြေတွေပေါ်မှာ အခုသွပ်ဆူးကြိုးတွေ ၀င်ရောက်ခတ်တယ်၊ အဲဒါကြောင့်မို့ ကျမတို့ တောင်း ဆိုတာပါ၊ လယ်ယာလျော်ကြေးကို မယူတဲဟာက စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ သဘာဝပတ်ဝန်းကျင်တွေ ထိခိုက်မယ်၊ လယ်ယာမြေတွေ စိုက်ပျိုးမြေတွေဆုံးရှုံးနစ်နာမှာ စိုးတဲ့အတွက်မယူတာ၊ အဲဒါကို သူတို့က တောင်သူလယ်သမားတွေရဲ့လယ်ယာမြေတွေကို မတရားဖိနှိပ်နေတာကိုတော့ ကျမတို့ဒေသခံတွေအနေနဲ့ မခံစားနိုင်ဘူး။”
လက်ပံတောင်းတောင်ဒေသခံတွေက စီမံကိန်းဆက်ဆံရေးရုံးကို ချီတက်လမ်းလျောက်လာတုန်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တားဆီးခဲ့တဲ့အတွက် တုန်ရွာကိုပြန်လာပြီး ထိုင်သပိတ် ပြုလုပ်ပြီး လိုချင်တဲ့ အချက်တွေ တောင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။
“နံပါတ် ၁က လျော်ကြေးမယူတဲ့လယ်ယာမြေများပေါ်မှာ ခြံစည်းရိုးဝင်ရောက်ခတ်ခြင်းကို ချက်ချင်းရပ်ပေးဖို့ရာနဲ့ လျော်ကြေးမယူတဲ့လယ်ယာမြေပေါ်မှာရှိတဲ့ စိုက်ခင်းတွေ၊ အသီးအနှံတွေကို မဖျက်ဆီးရန်၊ နံပါတ် ၃ လျော်ကြေးမယူတဲ့ လယ်ယာမြေပေါ်မှာ ဦးပိုင်နဲ့ ၀မ်ပေါင်ကုမဏီတို့ရဲ့ လုံခြုံရေး ကင်းတဲများ မတည်ဆောက်ရန်၊ နံပါတ် ၄ ပြည်သူ့ဆန္ဒနဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာပါအချက်များကို လေးစားလိုက်နာရန် တောင်း ဆိုပါတယ်။”
တုန်ရွာထိပ်မှာ ထိုင်သပိတ်ဆင်နွဲပြီးဆန္ဒပြတောင်းဆိုနေတဲ့နေရာကို စစ်ကိုင်းတိုင်းနယ်စပ်ရေးရာဝန်ကြီးဌာနက ဗိုလ်မှူးကြီးကြည်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်သောင်းနဲ့ ရဲမှူးချုပ် ဦးငွေထွန်းတို့လာရောက်ပြီး ၂ရက်အတွင်းမှာ လယ်ယာမြေတွေပေါ်မှာ စိုက်ထားတဲ့တိုင်တွေကို နှုတ်ပေးမယ်၊ နောက်ထပ်ခြံ စည်းရိုးတွေ မခတ်တော့ဘူးလို့လည်း နှုတ်ဂတိအနေနဲ့ ပြောဆိုခဲ့တဲ့အတွက် ညနေ ၅နာရီကျော်လောက်မှာ ထိုင်သပိတ်ကို ရုတ်သိမ်းလိုက်တယ်လို့လည်း ရေဒီယိုသြစတြေးလျ သတင်းထောက် မြတ်မိုးက သတင်းပေးပို့ခဲ့ပါတယ်။
No comments:
Post a Comment