နန်းမြင့်
ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် ၆၇/ ၆၃ ရပ်ကွက်များတွင် နေထိုင်သူများက ယင်းနေရာတွင်ဆောက်လုပ်မည့် တန်ဖိုးနည်းအိမ်ရာတွင် အိမ်ခန်းဝယ်ယူခွင့်အပါအ၀င် အိုးအိမ်ဦးစီးဌာနမှပေးထားသောကတိများ တည်စေလိုသည်ဟုဆိုကာ တတိယအကြိမ် ဆန္ဒဖော်ထုတ်ခြင်းကို ရန်ကုန်မြို့ မဟာ ဗန္ဓုလပန်းခြံ အနီးတွင်အောက်တိုဘာ ၆ ရက်က ပြုလုပ်သည်။
ဆန္ဒဖော်ထုတ်ခြင်းကို ၆၇/ ၆၃ရပ်ကွက်၊ ကမ်းနားလမ်းမှပြည်သူများက လူအင်အား ၁၀၀ နီးပါးဖြင့် ဆန္ဒဖော်ထုတ် ခဲ့ခြင်း ဖြစ်သည်။
ယင်းရပ်ကွက်များတွင် တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်ရန်အတွက် ယခုနှစ်ဇန်န၀ါရီလအတွင်းကစတင်ခဲ့ခြင်းဖြစ်ပြီး ယင်းမြေပေါ်တွင် ကျူးကျော်နေထိုင်သူများကို ဖယ်ပေးရန် အကြောင်းကြားစာ ပေးပို့ထားသည်။
အဆိုပါမြေပေါ်တွင် ကျူးကျော်နေထိုင်သူများနှင့် အိုးအိမ်ဦးစီးဌာန တာဝန်ရှိသူများ၊ ၀န်ကြီးဌာနများမှ တာဝန်ရှိ သူများ အပါအ၀င် ဒဂုံဆိပ်ကမ်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမျိုးအောင်တို့ ဇန်န၀ါရီ ၂ ရက်တွင် တွေ့ဆုံခဲ့ပြီး ယင်းနေရာတွင် ယာယီတန်းလျား ဆောက်လုပ်ပေးမည်၊ အလုပ်အကိုင် အခွင့်အလမ်းများ ပေးမည်၊ တိုက်ခန်းများ ဆောက်လုပ်ပါက အရစ်ကျစနစ်ဖြင့် ၀ယ်ယူခွင့် ပေးမည် စသည်ဖြင့် ကတိများ ပေးခဲ့သည် ဟုလည်း ရပ်ကွက်နေသူများက ပြောသည်။
သို့သော် ပေးခဲ့သော ကတိများအတွက် လက်ရှိအချိန်ထိ ရပ်ကွက်နေသူများအတွက် မည်သို့မျှ ဆောင်ရွက်ပေးခြင်း မရှိသောကြောင့် ယင်းကဲ့သို့ တတိယအကြိမ်မြောက် ဆန္ဒဖော်ထုတ်ကြခြင်း ဖြစ်သည်ဟု ဆိုသည်။ ဖယ်ရှားခိုင်းထား သည့် အဆိုပါရပ်ကွက်တွင် နေထိုင်သူများကို ဒဂုံအရှေ့ပိုင်းတွင် နေစရာပေး ထားသော်လည်း သွားရောက် မနေသူ များလည်း ရှိသည်။
ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်ပြီး ၆၇ ရပ်ကွက်၌ အနှစ်၂၀ ကျော် နေထိုင်ခဲ့သူ ဦးအေးကိုက “အလုပ်တန်းလျား တဲတွေဆောက်တယ်။ သူတို့ကျတော့ တဲဆောက်ခွင့် ပေးထားတယ်။ ကျွန်တော်တို့ကျတော့ Notice စာနဲ့ နှင်ထုတ် တယ်။ သူတို့ပေးတဲ့ ၁၀ ပေ ၆၀ ပေကို နေမယ့်လူတွေ ပြောင်းရွှေ့သွားတယ်။ ကျန်တဲ့လူတွေက ဘာမှမတောင်းဘူး။ ကျွန်တော်တို့ကိုပေးထားတဲ့ ကတိအတိုင်း တည်စေချင်တယ်”ဟုပြောသည်။
ယင်းနေရာတွင် နေထိုင်ခဲ့သူများမှာ နှစ်ပေါင်း ၂၀ ကျော်ပြီဖြစ်ပြီး အိုးအိမ်ဦးစီးဌာနမှ ဖယ်ရှားပေးရန် အကြောင်း ကြားစာ ငါးကြိမ်ထုတ်ခဲ့ကာ နောက်ဆုံးအကြိမ်မှာ၂၀၁၃ ခု စက်တင်ဘာ ၁၉ ရက်က ဖြစ်သည်။
ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါက်တာမျိုးအောင်က“၀န်ကြီးဌာနနဲ့ညှိနှိုင်းပြီး ကျွန်တော်ကိုယ်တိုင် သဘာပတိ လုပ်ပြီး ဖြေရှင်းပေးထားတယ်။ လက်တွေ့အကောင်အထည် မဖော်ပေးတဲ့အတွက် ဆန္ဒဖော်ထုတ်ကြတာပါ။ ကျူးကျော် အိမ်ရာနဲ့ ပတ်သက်လို့ အစိုးရမှာ တာဝန်ရှိတယ်။ ကျူးကျော်ဆိုပြီး ပစ်ထားလို့မရဘူး၊ ကတိက၀တ် အတိုင်း ဆောင်ရွက်တယ်ဆိုရင် ကတိက၀တ် တည်ကြည်တဲ့ အစိုးရ တစ်ရပ် ဖြစ်မှာပေါ့”ဟု ပြောသည်။
အဆိုပါရပ်ကွက်များတွင် အိမ်ခြေ ၆၅ လုံးရှိပြီး လူဦးရေ ၃၀၀ နီးပါးရှိသည်။ ယင်းနေရာများတွင် တန်ဖိုးနည်း အိမ်ရာများဖြစ်သော ရတနာအိမ်ရာနှင့် ဧရာဝဏ်အိမ်ရာစီမံကိန်း တည်ဆောက်ရန်အတွက်နေထိုင် သူများကိုပြောင်းရွှေ့ခိုင်းခြင်း ဖြစ်သည်။ ပထမအကြိမ်နှင့် ဒုတိယအကြိမ် ဆန္ဒဖော်ထုတ်ခြင်းများကိုမူ ယင်းနေရာတွင်ပင်ပြုလုပ်ခဲ့သည်။
No comments:
Post a Comment