Wednesday, October 2, 2013

ရပ်ကွက်အုပ်ချုပ်ရေးမှူးပြောင်းပေးရန် တရားဝင်ဆန္ဒပြကြသူများ ဆဲဆိုခြိမ်းခြောက်ခံရသဖြင့်အမှုဖွင့်

ဇော်ဇော်ထွေး

လှိုင်သာယာမြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးအသစ် ပြန်လည်ရွေးချယ်ပေးရေး တရားဝင်ဆန္ဒထုတ်ဖော်ကြ သူများအား အုပ်ချုပ်ရေးမှူးအိမ်ရှေ့တွင် ဆဲဆိုခြိမ်းခြောက်မှုခံရသဖြင့် အရေးယူပေးရန် အမှုဖွင့် စက်တင်ဘာ ၂၉ ရက်က အမှုဖွင့်တိုင်တန်းထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။

ယင်းနေ့ နံနက် ၁၁ နာရီက မမီမီခိုင် (၃၉)နှစ်၊ ဈေးရောင်း၊ အမှတ်(၁၆၆)၊ အဝေရာလမ်း၊ (၁၁)ရပ်ကွက်နှင့် အဖွဲ့သည် ရပ်ကွက်အုပ်ချုပ်ရေးမှူးအသစ် ပြန်လည်ရွေးချယ်ပေးရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၏ ခွင်ပြုမိန့်ဖြင့် စီတန်းလှည့်လည်ခဲ့သည်ဟု ဆိုထားသည်။

ထို့နောက် စီတန်းလှည့်လည်ပြီး အိမ်ပြန်ကြရာ အမှတ်(၁၁)ရပ်ကွက် အဝေရာလမ်းနေသည့် လက်ရှိ အုပ်ချုပ်ရေး မှူး ဦးစိုင်းလင်းဇော်၏ နေအိမ်ရှေ့အရောက်တွင် မစန်းစန်းမူပါ လေးဦး(စုံစမ်းဆဲ)တို့က မမီမီ ခိုင်အား ညစ်ညမ်းစွာ ဆဲဆိုသည့်အပြင် ရိုက်သတ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ရဲအား တိုင်တန်းထွက် ဆိုထားသည်။

ထို့ကြောင့် မစန်းစန်းမူပါ (၄)ဦးအပေါ် အရေးယူပေးရန် မမီမီခိုင်က စွပ်စွဲတိုင်တန်းထားသဖြင့် သောင်ကြီးနယ်မြေ ရဲစခန်းက ပြစ်မှုပုဒ်မ ၂၉၄/၅၀၆/၁၁၄ တို့ဖြင့် အရေးယူရန်ဆောင်ရွက်နေသည်ဟုဆိုထားသည်။

ယင်းနောက်တွင် မစန်းစန်းမူကလည်း စီတန်းလှည့်လည်မှုပြုလုပ်ပြီး ပြန်လာသူ ကျော်ဖိုး(စိစစ်ဆဲ) ဆိုသူကိုလည်း ညစ်ညမ်းစွာ ဆဲဆိုခြိမ်းခြောက်မှုများဖြင် အရေးယူပေးရန်တန်ပြန်အမှုဖွင့် တိုင်ကြားထားပြန်သည်။

ယင်းတိုင်တန်းမှုကိုလည်း သောင်ကြီး ရဲစခန်းကပင် (ပ)၅၉၃/၂၀၁၃ဖြင့် အမှုဖွင့်ပြီး ပုဒ်မ ၂၉၄/၅၀၆ တို့ဖြင့် အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု ဆိုထားသည်။

အဆိုပါ ဖြစ်စဉ်တွင် ဆန္ဒပြခံရသည့် လက်ရှိအုပ်ချုပ်ရေးမှူးနှင့် မစန်းစန်းမူပါလေးဦးတို့ မည်သို့ ပတ်သက် ဆက်နွယ်သူ များဖြစ်သည်ကိုတော့ ရဲတပ်ဖွဲ့က ဖော်ပြထားခြင်းမရှိပေ။

No comments: