Sunday, October 6, 2013

ပြည်မြို့ ပြန်/ဆက်ဦးစီးဌာနပိုင် ဆိုင်ခန်းများဆက်ငှားမည်မဟုတ်

ရေခဲ(ပြည်)

ပြည်မြို့၊ ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ ပြန် ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနပိုင် ညဈေးတန်းမှ ဆိုင် ခန်း (၁၅) ခန်းကို ဆက်လက်ငှားရမ်းခွင့်မပြုတော့ဘဲ ဖယ်ရှားပေးရန် အကြောင်းကြား စာပို့ထားကြောင်း ဆိုင်ခန်းပိုင်ရှင်များက မဇ္ဈိမသို့ပြောသည်။

ထိုသို့ အကြောင်းကြားစာပို့ထားမှုကို ဖယ်ရှားပေးမည်ဟု ခံဝန်ကတိလက်မှတ်မထိုးသော စိုက်ပျိုးရေးပစ္စည်းရောင်း သည့် ဆိုင်ခန်းလေးခန်းသည် အောက်တိုဘာလ (၁၁) ရက်တွင် ဖယ်ရှားပေးရမည်ဖြစ်ပြီး ကျန်ဆိုင်ခန်းများကိုမူ ၂၀၁၄ ခုနှစ်မတ်လကုန်ပိုင်းတွင် အပြီးဖယ်ရှားပေးရမည်ဟု စိုက်ပျိုးရေးပစ္စည်းဆိုင် ပိုင်ရှင်ဦးရဲမြင့်ကပြောသည်။

ထိုဆိုင်ခန်းများအား “မင်း” ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်မှ ဆိုင်ခန်းဖွင့်သူများထံ ရောင်းချထားခြင်း ဖြစ်ပြီး ဆိုင်ခန်းရှင်များက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ တစ်ခန်းလျှင် ဆိုင်လခအဖြစ် တစ်လ ၁၆,၀၀၀ ကျပ်ပေးသွင်းရသည်ဟု ဦးရဲမြင့်ကပြောသည်။

“အပြီးအပိုင် ရောင်းချကြောင်း စာချုပ်ချုပ်ထားတယ်။ တို့က အငှားလည်းမဟုတ်ဘူး။ ၀ယ်ထားတာ။ ရောင်းတဲ့ အချိန်တုန်းက နှစ်ပြည့်ရင်ဖယ်ရမယ်လို့ ကန်ထရိုက်က ပြောမထားဘူး” ဟု ဦးရဲမြင့်ကပြောသည်။

ခံဝန်ကတိမထိုးသောကြောင့် နောက်ဆုံးဖယ်ရှားခိုင်းသည့် အောက်တိုဘာလ ၁၁ ရက်တွင် ဆိုင်ခန်းများ ဖယ်ရှားပေး မည်မဟုတ်ဘဲ ပြန်/ဆက်ဦးစီးဌာနနှင့် ဥပဒေကြောင်းအရ ဆက်လက်တရားရင်ဆိုင်သွားမည် ဖြစ်ပြီး သက်ဆိုင်ရာဆောက်လုပ်ရေးကုမ္ပဏီကို တရားစွဲဆိုမည်ဟု ၎င်းကဆက်လက်ပြောကြားသည်။

ဆိုင်ခန်းဖယ်ပေးရန် ခံဝန်ထိုးခဲ့သော ဆိုင်ခန်းရှင်တစ်ဦးဖြစ်သည့် ဒေါ်စန်းစန်းမော်က “ပြန်ဝယ်ရမယ်ဆိုလည်း မ၀ယ်နိုင်ဘူး။ ဖယ်လည်း မပေးနိုင်ဘူး။ ကလေးတွေကလည်း တစ်ပြုံကြီးနဲ့ ဘယ်သွားနေရမလဲ။ ငှား မယ်ဆိုရင်တော့ ပြန်ငှားနေမယ်” ဟုပြောသည်။

ပြည်ခရိုင် ပြန်/ဆက်ဦးစီးဌာနသို့ မေးမြန်းရာ ဌာနမှလက်ရှိဆိုင်ခန်းများအား ဆက်လက်ငှားရမ်းခြင်း မပြုတော့သဖြင့် ဆိုင်ခန်းရှင်များက အသနားခံစာတင်သဖြင့် တစ်နှစ်သာဆက်လက်ငှားရမ်းရန် စာချုပ်ချုပ်ဆိုထားရာ ဦးရဲမြင့်မှအပ အခြားဆိုင်ရှင်များက လက်မှတ်ထိုးပြီးဖြစ်ကြောင်း ပြန်လည်ပြောကြားသည်။

ပြန်/ဆက်ဦးစီးဌာနမှ ထိုနေရာအား နှစ်ထပ်အဆောက်အအုံဆောက်လုပ်ကာ အပေါ်ထပ်တွင် စာကြည့်တိုက်အဖြစ် ထားရှိမည်ဖြစ်ပြီး အောက်ထပ်တွင် ဆိုင်ခန်းများ ပြန်လည်ငှားရမ်းမည်ဟု ပြန်/ဆက်ဦးစီးဌာနမှ သိရသည်။

No comments: