အောင်သူရထွန်း
ငြိမ်း၊ စု၊ စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်များအတိုင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက သဘောထားကွဲလွဲမှု မရှိခဲ့သော်လည်း ဆွေးနွေးလိုသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းပေးသွင်းရမည့်ရက်မှာ မတ်လ ၂၈ ရက်ဖြစ်သောကြောင့် ၎င်းဥပဒေကြမ်းကို နောက်ထပ်ကျင်းပမည့် ဒသမပုံမှန်အစည်းအဝေးများတွင်သာ အတည်ပြုနိုင်မည်ဖြစ်ကြောင်း ကိုယ်စားလှယ်တို့က ခန့်မှန်းထားကြသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က “လွှတ်တော်နှစ်ရပ်ရဲ့ ဥပဒေကြမ်းကော်မတီတွေ သဘောထားမကွဲလွဲဘူးဆိုပေမယ့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေ ကန့်ကွက်ဆွေးနွေးတဲ့သူ များလာရင်တော့ ပြည်ထောင်စုလွှတ်တော်ကျမှသာ အတည်ပြုနိုင်မှာပါ။ ဒါကြောင့် နှေးမလား၊ မြန်မလား မပြောနိုင်သေးဘူး”ဟု ပြောကြားသည်။
ဆန္ဒထုတ်ဖော်လိုသော ပြည်သူများ၏ ခွင့်ပြုချက်လျှောက်ထားခြင်း လုပ်ငန်းစဉ်များကို ဖြေလျှော့ထားခြင်း၊ ခွင့်ပြုချက်လျှောက်ထားခြင်းအပေါ် ငြင်းပယ်ခြင်းကို ပယ်ဖျက်ခြင်း၊ ပြစ်မှုပြစ်ဒဏ်ဆိုင်ရာ ပြဋ္ဌာန်းချက်များ တွင် ထောင်ဒဏ်များကို ထက်ဝက်လျှော့ချထားခြင်း စသည့် အများပြည်သူအကျိုးအတွက် ပြင်ဆင်သင့် သည့်အချက်များကို ပြင်ဆင်ဖြည့်စွက်အစားထိုးထားခြင်း သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန် ရှိပုဂ်္ဂိုလ်များနှင့် အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ပြီး ဖြစ်သောကြောင့် ပြည်သူ့လွှတ်တော်က ပြင်ဆင် အတည်ပြုထားသည့်အတိုင်း ဆက်လက် အတည်ပြုသင့်ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီက ယနေ့ အမျိုးသားလွှတ်တော် န၀မပုံမှန်အစည်းအဝေးတွင် အစီရင်ခံတင်ပြခဲ့ခြင်းဖြစ်သည်။
လွှတ်တော်နှစ်ရပ်၏ ဥပဒေကြမ်းကော်မတီတို့က သဘောတူညီကြသော်လည်း အတည်ပြုပြီးခဲ့သော ပြည်သူ့လွှတ်တော်မှာပင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က “ကျွန်တော် ပြင်ဆင်ခဲ့ တယ်။ ထောင်ဒဏ်မဖြစ်သင့်ဘူး။ ခွင့်ပြုချက်မရှိတဲ့သူကို ဒဏ်ငွေပဲ ဖြစ်သင့်တယ်။ ခွင့်ပြုချက်မယူဘဲ ဆန္ဒပြတယ်ဆိုတာ လယ်သမားတွေ၊ ဆင်းရဲသားတွေ၊ အရေးပေါ်ကိစ္စတစ်ရပ်ဖြစ်လို့ ပြည်သူတွေကို မကာကွယ်ဘဲ တစ်စုံတစ်ဦးကို ကာကွယ်ပေးမယ်ဆိုရင် ဆန္ဒပြကြမှာပဲ”ဟု မဇ္ဈိမကို ဖြေကြားခဲ့သည်။
ထို့ကြောင့် အမျိုးသားလွှတ်တော်တွင်လည်း သဘောမတူဘဲ ကန့်ကွက်ဝေဖန်လိုသည့် ကိုယ်စားလှယ်အချို့ ရှိနေကြောင်း သိရသည်။
အဆိုပါဥပဒေကြမ်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ အရ ပြည်သူများ ငြိမ်းချမ်းစွာ စုဝေးစီတန်း လှည့်လည်ခွင့် အခွင့်အရေးများကို ဥပဒေနှင့်အညီ သုံးစွဲဆောင်ရွက်နိုင်ရန် ၂-၁၂-၂၀၁၁ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်(၁၅) အဖြစ် ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။
လယ်ယာမြေပြဿနာများ၊ ကျူးကျော်မှုပြဿနာများ အပါအ၀င် ပြည်သူတို့၏ ဆန္ဒဖော်ထုတ်မှုများ တစ်နိုင်ငံလုံး၌ ပေါ်ပေါက်နေသည်နှင့်အမျှ ငြိမ်း၊ စု၊ စီ ဥပဒေပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခံရမှုများလည်း အစဉ်မပြတ် ရှိနေ သည့်အတွက် ဆန္ဒဖော်ထုတ်ခြင်းကို အလွယ်တကူခွင့်ပြုပြီး ပြစ်ဒဏ်လျှော့သည့် ယခုဆွေးနွေးဆဲ ပုဒ်မ ၁၈ အား ပြည်သူတို့ အားကိုးတကြီး မျှော်လင့်လျက်ရှိကြောင်း သိရသည်။
No comments:
Post a Comment