Hans Hulst
ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာမူစလင်များ၏ လူ့အခွင့်အရေးကို စနစ်တကျ ချိုးဖောက်မှုများထဲတွင် မြန်မာအစိုးရ လည်း ပါဝင်ပတ်သက်ခဲ့သည်ဆိုသော စွပ်စွဲချက်များကို မြန်မာအစိုးရက ပယ်ချခဲ့သည်။
ထိုစွပ်စွဲချက်များ ပါဝင်သည့် အစီရင်ခံစာ တစ်စောင်ကို လွတ်လပ်၍ ငွေရေးကြေးရေး အကျိုးအမြတ်ကို အဓိက မထားသော လူ့အခွင့်အရေး အဖွဲ့အစည်း တစ်ခုဖြစ်သည့် Fortify Rights က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဖေဖော်ဝါရီလ ၂၅ ရက်က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ထိုအစီရင်ခံစာနှင့် ပတ်သတ်၍ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးလည်းဖြစ်သည့် ဦးရဲထွဋ်က ဘင်္ဂါလီ မဲဆွယ်ရေး(lobby) အဖွဲ့များ၏ အခြေအမြစ်မရှိသော စွပ်စွဲချက်များနှင့် ပတ်သတ်၍ မြန်မာအစိုးရ အနေဖြင့် ထင်မြင်ချက်မပေးဟု ဖေဖော်ဝါရီလ ၂၅ ရက်နေ့က မြန်မာတိုင်း(မ်)ဂျာနယ်ကို ပြန်လည်ဖြေကြားခဲ့သည်။ မြန်မာအစိုးရအနေဖြင့် ‘ရိုဟင်ဂျာ’ ဟူသော အခေါ်အဝေါ်ကို အသိအမှတ်မပြုဘဲ၊ ၎င်းတို့ကို ဘင်္ဂါလီဟုသာ ရည်ညွှန်းလေ့ရှိသည်။
“ဖိနှိပ်ရေး မူဝါဒများ - မြန်မာနိုင်ငံအတွင်းရှိ ရိုဟင်ဂျာ မူစလင်များကို ဆန့်ကျင်သော ကြမ်းတမ်းသည့် နိုင်ငံတော်မူဝါဒများ အဆုံးသတ်ရေး” ဟု ခေါင်းစဉ်တပ် ထားသည့် အစီရင်ခံစာထဲတွင်၊ ပေါက်ကြားလာခဲ့သော တရားဝင်စာရွက်စာတမ်း အထောက်အထား ၁၂ ခုကို ခွဲခြမ်းစိတ်ဖြာ သုံးသပ်ထားမှုများ အများအပြား ပါဝင်ကာ၊ အများပြည်သူဆိုင်ရာ မှတ်တမ်းများကို သုံးသပ်မှု တစ်ခုလည်း ပါဝင်ပြီး၊ ရခိုင်မူစလင်များနှင့် အင်တာဗျူးများလည်း ပါဝင်သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မူစလင်များအား လွတ်လပ်စွာ ခရီးသွားလာခွင့်၊ လက်ထပ်ထိမ်းမြားခွင့်နှင့် ကလေးမွေးဖွားခွင့်တို့ကို ပြင်းထန်စွာ ကန့်သတ်ချုပ်ချယ် ထားသည်ဟု သုတေသီများက ဆိုသည်။
ဒေသတွင်း အမိန့်အမှတ် ၁/၂၀၀၅ အနေဖြင့်၊ မောင်တောနှင့် ဘူးသီးတောင် မြို့နယ်များတွင် ကလေးနှစ်ဦးထက်ပို၍ မမွေးဖွားရဟူသည့် မူဝါဒ အာဏာတည်စေရန် အခြေခံအုတ်မြစ် ချပေးခဲ့သည်ဟု အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။
ထိုတူညီသောအမိန့်ကပင် ရခိုင်မူစလင်များ လက်မထပ်ထားဘဲ ကလေးမွေးဖွားခြင်းကို ပိတ်ပင်ထားမြစ်ထားသည်။ ထိုကဲ့သို့သော လူဦးရေထိန်းချုပ်မှု အစီအစဉ်များကို အကောင်အထည် ဖော်နိုင်ရန်အတွက် ကြမ်းတမ်းသော နည်းလမ်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ အသုံးပြုခွင့်ရရှိစေခဲ့သည့် လျှို့ဝှက်ပြဋ္ဌာန်းမှု လမ်းညွှန်ချက်များကို Fortify Rights အဖွဲ့က ရရှိထားကြောင်းလည်း ထိုအဖွဲ့က ဆိုခဲ့သည်။
ရိုဟင်ဂျာများ လက်ထပ်ထိမ်းမြားခွင့်နှင့် ပတ်သတ်၍ ကန့်သတ်ထားသော မူဝါဒ တစ်ရပ်အား ရခိုင်ပြည်နယ် အာဏာပိုင်များက ဖော်ပြထားခဲ့သည့် လျှို့ဝှက် စာရွက်စာတမ်းများကိုလည်း Fortify Rights အဖွဲ့၏ အစီရင်ခံစာထဲတွင် ထည့်သွင်း ဖော်ပြထားသည်။ စုံတွဲများအနေဖြင့် လက်ထပ်မထားပါက အတူနေခွင့် မရှိသည့်အပြင်၊ လက်ထပ်ထိမ်းမြားခွင့် ရရန်အတွက် အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက်များကလည်း တင်းကြပ်လှသည်။ ထို့ပြင် စုံတွဲများအနေဖြင့် လက်ထပ်ခွင့်ရရှိလိုပါက များပြားသောငွေကြေး ပေးသွင်းရန် လိုအပ်ကြောင်း Fortify Rights အဖွဲ့က ဆိုသည်။
ရခိုင်မူစလင်များ လွတ်လပ်စွာ သွားလာခွင့် မရှိစေရန်လည်း အာဏာပိုင်များက တမင်ရည်ရွယ် ကန့်သတ်ထားသည်ဟုလည်း အစီရင်ခံစာက ဆိုသည်။ ထို့ကြောင့် အသက်မွေးဝမ်းကျောင်း ကိစ္စနှင့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးတို့အတွက် ကြီးမားစွာ အဟန့်အတားဖြစ်နေကြောင်းလည်း အစီရင်ခံစာထဲတွင် ဆိုထားသည်။ ထိုကန့်သတ်မှုများအား ချိုးဖောက်ပါက ရာဇဝတ်မှုဆိုင်ရာ ပြစ်ဒဏ် ချမှတ်ရန်လည်း၊ အစီရင်ခံစာထဲတွင် ထည့်သွင်းဖော်ပြထားသည့် အစိုးရမူဝါဒများ အားလုံးက ဆိုထားသည်။
“မြန်မာအစိုးရဟာ ရိုဟင်ဂျာတွေကို လူမျိုး၊ ဘာသာကွဲပြားမှု အပေါ်အခြေခံပြီး၊ တခါတခါမှာ ကျား/မ ကွဲပြားမှု အပေါ် အခြေခံပြီး စနစ်တကျ ဖိနှိပ်နေပါတယ်” ဟု Fortify အဖွဲ့၏ အမှုဆောင်ညွှန်ကြားရေးမှူး Matthew Smith က ဆိုသည်။
“အဲဒီ မူဝါဒတွေကြောင့် အထူးသဖြင့် ရိုဟင်ဂျာ အမျိုးသမီးတွေဟာ အဖိနှိပ်ခံရမယ့် အနေအထားမျိုးကို ရောက်သွားကြပါတယ်။ သူတို့ဟာ အမျိုးသမီးတွေ ဖြစ်ကြရုံမက ရိုဟင်ဂျာ မူစလင်ပါ ဖြစ်နေကြလို့ပါ” ဟု Matthew Smith က ပြောခဲ့သည်။
No comments:
Post a Comment