ဝိုင်းအောင်
လမ်းပေါ်ရောက်ကလေးများကို ကူညီထောက်ပံ့ပေးရန် အလှူငွေလိုအပ်နေသည့်အတွက် ယဉ်ကျေးလိမ္မာ လူမှုကွန်ရက်(မကွေး) အဖွဲ့ဝင်များက မကွေးမြို့အတွင်းရှိ စွန့်ပစ်ပစ္စည်းများ လိုက်လံကောက်ယူ သိမ်းဆည်းနေသည်ဟု အဆိုပါကွန်ရက် အဖွဲ့ဝင်များကပြောသည်။
မတ်လ ၃ ရက် တွင် မကွေးမြို့အတွင်း အဝေးပြေး ကားကွင်းနှင့် စားသောက်ဆိုင်များ၊ စတိုးဆိုင်ကြီးများ၊ ဈေးများ၌ ချပေးထားသော အလှူခံပုံးများထဲက စွန့်ပစ်ပစ္စည်းများကို ပထမ အကြိမ်အဖြစ် လိုက်လံကောက်ခံ သိမ်းဆည်းခြင်းဖြစ်ကြောင်း ကွန်ရက်အဖွဲ့ဝင် တစ်ဦးဖြစ်သူ မကွေးတက္ကသိုလ် ကျောင်းသား ကိုလှိုင်းဝေစိုး ကပြောသည်။
“ကောက်ယူရရှိတဲ့ ပစ္စည်းတွေကို အဖွဲ့ဝင်တစ်ဦးအိမ်မှာ စုပြီး၊ ပြန်ရောင်းရငွေနဲ့ လမ်းပျော်ကလေးတွေက်ို ထောက်ပံ့သွားမှာပါ” ဟု ၎င်းကဆိုသည်။
စွန့်ပစ် ရေသန့်ဗူးခွံများ၊ ဘီယာဗူးခွံများ၊ အချိုရည်ဗူးခွံများ၊ ပလက်စတစ် ကော်ဗူးများနှင့် ကော်ခွက်အမျိုးမျိုး တို့ကို စုဆောင်းရောင်းချပြီး ရရှိငွေများဖြင့် မကွေးမြို့တွင်းရှိ လမ်းပေါ်မှ လမ်းပျော်ကလေးများကို ထောက်ပံ့ကူညီခြင်း၊ အသက်မွေးဝမ်းကျောင်း ပညာများသင်ပေးခြင်း၊ ကျောင်းနေချင်သော ကလေးများအား ကျောင်းထားပေးခြင်းများ ပြုလုပ်ပေးမည်ဟု ဦးလင်း (ယဉ်ကျေးလိမ္မာ လူမှုကွန်ရက်) က ပြောသည်။
လမ်းပေါ်ရောက် ကလေးများကို ကူညီထောက်ပံ့ပေးရန် ယဉ်ကျေးလိမ္မာ လူမှုကွန်ရက် (မကွေး)ကို မကွေးမြို့အောင်မြေရတနာ စာသင်ကျောင်းတိုက် ပိဋကတ်ကျောင်းဆောင်တွင် ယဉ်ကျေးလိမ္မာ သင်တန်းဖြစ်မြောက်ရေး အဖွဲ့ဝင်များ နှင့် တက္ကသိုလ်အသီးသီးမှ ကျောင်းသား ကျောင်းသူ အင်အား(၁ဝဝ)ကျော်ဖြင့် ၂ဝ၁၄ခုနှစ် ဇန်နဝါရီလ ၁၂ ရက်က ဖွဲ့စည်းခဲ့သည်။
No comments:
Post a Comment