Monday, March 3, 2014

အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ပြဋ္ဌာန်း

စ,ချိုကိုကို

အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေအား နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးကာ အတည်ပြုပြဋ္ဌာန်းလိုက်ပြီဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၀က်ဘ်ဆိုဒ်တွင် ဖေဖော် ၀ါရီ ၂၇ ရက်က ထုတ်ပြန်ကြေညာလိုက်သည်။

ဥပဒေတွင် ပြစ်မှုပြစ်ဒဏ်များ ဖြေလျှော့လိုက်သော်လည်း ခေတ်နှင့်လျော်ညီမှုမရှိသော စကားလုံးများ၊ အချက်များရှိသေးသည်ဟု ပြည်တွင်းနည်းပညာရှင်များက သုံးသပ်လိုက်သည်။

အဆိုပါပြင်ဆင်သည့်ဥပဒေနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်အတွင်းရေးမှူး ဦးဇော်မင်းဦးက “အီလက်ထရောနစ် ဥပဒေမှာ ပြစ်ဒဏ်တွေ လျှော့ချလိုက်တာ အလွန်ကောင်းပါတယ်။ ဒါပေမဲ့ ဥပဒေ ထဲက အချို့စာလုံးတွေက တိကျမှုမရှိတာတွေ၊ ခေတ်နဲ့လျော်ညီတဲ့အသုံးအနှုန်း မဟုတ်တာတွေ ရှိနေပါ သေးတယ်။ ဥပဒေထဲမှာ ပြစ်မှုမြောက်တဲ့ အီးမေးလ်လက်ခံတဲ့ သူကပြစ်ဒဏ်မြောက်တယ်ဆိုတာမျိုးတွေ မှာ ကိုယ့်အီးမေးလ်ထဲကို မသိတဲ့သူက အီးမေးလ်ပို့လို့ရနေတာပဲ။ အခုခေတ်မှာ ဘယ်ကမှန်းမသိတဲ့ Spam တွေက အီးမေးလ်တွေထဲ ရောက်နေတတ်တာပဲ။ အဲဒီလိုအချက်တွေက ခေတ်နဲ့လျော်ညီမှုမရှိ တော့ပါဘူး”ဟု သုံးသပ်ပြောကြားသည်။

အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေတွင် ပါရှိသော စကားလုံးများမှာ တိကျသော အဓိပ္ပာယ်ဖော်ဆောင်မှု ရှိရန်လိုအပ်သည်ဟုလည်း အဆိုပါဥပဒေဖြင့် ပြစ်ဒဏ်ကျခံခဲ့ရသော Myanmar ICT For Development Organization (MIDO) ဖွံ့ဖြိုးမှုအတွက် အိုင်စီတီအဖွဲ့၏ အမှုဆောင်အရာရှိချုပ် ဦးနေဘုန်းလတ်က ပြောသည်။

ဦးနေဘုန်းလတ်က “ဥပဒေမှာပါတဲ့ စကားလုံးတွေထဲမှာ တချို့စကားလုံးတော်တော်များများက တိကျတဲ့ အဓိပ္ပာယ်မရှိသေးဘူး။ နောက်ဥပဒေမှာ ပါတဲ့ ပြစ်မှုပြစ်ဒဏ်တွေကို လျှော့ချလိုက်တာ ကောင်းမွန်ပေမယ့် ဒီဥပဒေနဲ့အရေးယူလို့ ရနိုင်သေးတယ်။ အရေးယူတဲ့အပိုင်းတွေမှာ ဖြေလျှော့ထားတာ မရှိဘူး။ ပြစ်ဒဏ် လျော့သွားတာပဲကွာသွားတာပါ”ဟု သုံးသပ်ပြောကြားသည်။

အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေတွင် ပြစ်မှုပြစ်ဒဏ် အချက်ငါးချက်ကို အဓိကထားပြင်ဆင်ထားသည်ကို တွေ့ရ သည်။ ဖြေလျှော့ထားသည့် ပြစ်မှုပြစ်ဒဏ်များတွင် ဥပဒေ ပုဒ်မ-၃၃တွင်ပါရှိသော ထောင်ဒဏ် အနည်းဆုံး ခုနစ်နှစ်မှ အများဆုံး ၁၅ နှစ်ဆိုသည့် စကားရပ်အစား အနည်းဆုံး ငါးနှစ်မှ အများဆုံး ခုနစ်နှစ်အထိ၊ ပုဒ်မ-၃၄ တွင်ပါရှိသော “ထောင်ဒဏ်ငါးနှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်” ဆိုသည့်စကားရပ်တွင် “ငွေဒဏ်ကျပ်သိန်း ၅၀ မှ ၁၀၀ အထိ ချမှတ်ရမည်။ ငွေဒဏ်မဆောင်ပါက ထောင်ဒဏ်အနည်းဆုံးတစ်နှစ်မှ အများဆုံး သုံးနှစ်အထိ ချမှတ် ရမည်”ဟုလည်းကောင်းပါသည်။

ယင်းအပြင် ပုဒ်မ-၃၅ နှင့် ၃၇ တွင်ပါရှိသော စကားရပ်များကိုလည်း ပြင်ဆင်ခဲ့ပြီး ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ရပ်လုံး ချမှတ်နိုင်သည်များကို ငွေဒဏ်သို့ ပြောင်းလဲခဲ့သည်။ ထောင်ဒဏ်များကိုလည်း လျှော့ပေါ့ခဲ့ သည်။

အဆိုပါဥပဒေပါ ပြစ်မှုပြစ်ဒဏ်များမှာ များပြားလွန်းသည့်အတွက် ပြန်လည်ပြင်ဆင်မည့်အဆိုတင်သွင်း ခြင်းကို သြဂုတ်လအတွင်းက ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမမြောက်ပုံမှန် အစည်း အဝေး ၂၄ ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။

အဆိုပါအီလက်ထရောနစ် အက်ဥပဒေပါ ပြစ်မှုပြစ်ဒဏ်မှာများပြားလွန်းပြီး ယင်းဥပဒေဖြင့် နိုင်ငံရေး သမားများ၊ ကျောင်းသားခေါင်းဆောင်များကို နှစ်ရှည် ထောင်ဒဏ်ပြစ်ဒဏ်များပေးသည့် ဥပဒေတစ်ရပ် ဖြစ်ခဲ့သည်။ သို့ဖြစ်၍ အချိန်ကာလနှင့် လျော်ညီမှုရှိစေရန်အတွက် ဥပဒေပါပြစ်ဒဏ်များကိုဖြေလျှော့ခြင်း၊ ပြင်ဆင်သင့်သည့်အချက်များကို ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန်အတွက် သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က သြဂုတ် ၂၁ ရက်တွင် အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။

No comments: